Home » » မြို့ကြီးတွေမှာ တီဘီ ရောဂါ ဆေးယဉ်ပါးမှု ပိုတွေ့ရ

မြို့ကြီးတွေမှာ တီဘီ ရောဂါ ဆေးယဉ်ပါးမှု ပိုတွေ့ရ

Written By Unknown on Friday, January 10, 2014 | 3:26 PM

တီဘီ အဆုတ်ရောဂါ ဆေးယဉ်ပါးမှုဟာ ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ ပိုတွေ့ လာရတယ်လို့ ကျန်းမာရေးဌာန၊ ဆေးသုတေ သန ဦးစီးဌာန (အောက်မြန်မာပြည်) ကနေ ဇန္နဝါရီလ ၆ ရက်နေ့ကနေ ၁ဝရက်နေ့အထိ ကျင်းပနေတဲ့ ဆေးသုတေသန ညီလာခံမှာ ထုတ်ဖေါ် ပြောကြားသွားပါတယ်။

တီဘီ အဆုတ်ရောဂါ ဖြစ်သူတွေထဲက အနည်းဆုံး ၄ ရာခိုင်နှုန်းလောက်ဟာ ဆေးမတိုးတော့တဲ့ ဆေးယဉ်ပါးမှုတွေ ဖြစ်တာ တွေ့ရတယ်လို့ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က တီဘီအဆုတ်ရောဂါ အထူး သုတေသန ပြုနေသူ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ချစ်က ဘီဘီစီကို ပြောပါတယ်။

ဆေးမှန်မှန် မသောက်တာ၊ ဆေးသောက်ပုံ သောက်နည်း လွဲတာ၊ ကုထုံး ကုနည်း လွဲတာတွေကြောင့် ဆေးယဉ်ပါးမှုတွေ ဖြစ်လာသလို လူမှုရေး၊ စီးပွားရေး အကြောင်းရင်းခံတွေကြောင့် ဆေးခန်းကို မှန်မှန် မလာနိုင်တာကြောင့်ရယ်၊ ဆေးပြင်းတဲ့ ဒဏ်ကို မခံနိုင်လို့ ဆေးပတ်လည်အောင် မသောက်ကြတာကြောင့်ရယ် တွေကြောင့် ဆေးမတိုးတော့တာလို့ ဆိုပါတယ်။

နယ်တွေထက် စာရင် ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ လူတွေ ပို ထူထပ်တဲ့ အတွက် တီဘီ အဆုတ်ရောဂါ ဆေးယဉ်ပါးမှု ပိုများတာ ဖြစ်ပြီး ဆေးယဉ်ပါးမှု တွေကို အမြန်ဆုံး ရှာဖွေ ကုသနိုင်မှ တခြားလူတွေကို ရောဂါ ကူးစက်မှုနှုန်း နည်းသွားမယ်လို့ လည်း သူက ပြောပါတယ်။

တီဘီ အဆုတ်ရောဂါဟာ အသက်ရှူလမ်းကြောင်းက တဆင့် ကူးစက်နိုင်တာ ကြောင့် အများပြည်သူရဲ့ ပါဝင်ကူညီ ဆောင်ရွက်မှု ရှိမှသာ ရောဂါ ကူးစက်မှု လျော့နည်းရေးကို ပိုမိုလုပ်နိုင်မယ်လို့လည်း ဒေါက်တာ ဒေါ်ခင်ချစ်က အသိပေး ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)