Home » » ဒေါ်အောင်ဆန်းစုကြည်ကို ကလေးမြို့တွင် လူထုထောင်ချီ ကြိုဆို

ဒေါ်အောင်ဆန်းစုကြည်ကို ကလေးမြို့တွင် လူထုထောင်ချီ ကြိုဆို

Written By Unknown on Monday, January 6, 2014 | 9:17 PM

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်ခရီးစဉ်အဖြစ် ဒီနေ့စတင်ထွက်ခွာခဲ့ပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ကို ညနေ ၃ နာရီလောက် ရောက်ရှိခဲ့ပြီး ဒေသခံတွေ ထောင်ပေါင်းများစွာ ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်ဝင်တွေအပါအ၀င် ကလေးမြို့မှာရှိတဲ့ တိုင်းရင်းသားတွေ၊ မြို့မိမြို့ဖတွေ၊ ကျောင်းသူကျောင်းသားတွေလည်း ကြိုဆိုခဲ့ကြတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဘဏ္ဍာရေးမှူး ဦးလှဦး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကလေးမြို့ တည်းခိုရိပ်သာတခုမှာ စစ်ကိုင်းတိုင်း အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေ၊ ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကောင်းကောင်းမွန်မွန် ညီညီညွတ်ညွတ်နေကြဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်တယ်ဆိုတာတွေ ပြောကြားသွားတယ်လို့ စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်က ခရိုင်အလုပ်အမှုဆောင်တွေ၊ မြို့နယ်အလုပ်အမှုဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်မှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းကို ဟောပြောပြီး လူထု ဆန္ဒခံယူသွားမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်းစတဲ့ မြို့နယ်တွေကို သွားဖို့ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်မြို့တော် ဟားခါးကို ဇန်န၀ါရီလ ၉ ရက်နေ့ ရောက်မှာဖြစ်ပြီး ၀မ်းသူမောင်း အားကစားကွင်းထဲမှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ လူထုဟောပြောပွဲပြုလုပ်မယ်လို့ ဟားခါးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးဟုတ်ချွန်းက ဒီဗွီဘီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၃ ခုနှစ်က ချင်းပြည်နယ်ကို ရောက်ခဲ့ဖူးပြီး ဒါဟာ ဒုတိယအကြိမ်မြောက်ခရီးစဉ် ဖြစ်ပါတယ်။

By ဒီဗွီဘီ