Home » » ပဲလိမ်လည်မှုပြဿနာ မြန်မာကုမ္ပဏီပိုင်ရှင်ကို စသုံးလုံးမှ ခေါ်ယူစစ်ဆေး

ပဲလိမ်လည်မှုပြဿနာ မြန်မာကုမ္ပဏီပိုင်ရှင်ကို စသုံးလုံးမှ ခေါ်ယူစစ်ဆေး

Written By Unknown on Friday, January 10, 2014 | 5:04 PM

ရန်ကုန်၊ ဇန်န၀ါရီ ၁၀

ယခုလတ်တစ်လောဖြစ်ပွားနေသည့် အမေရိကန်ဒေါ်လာ နှစ်သန်းကျော် မြန်မာကုမ္ပဏီဘက်မှ ရယူထားသည်ဆိုသော ပဲအရောင်းအ၀ယ် အရှုပ်အရှင်းကိစ္စနှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၉ရက်နေ့တွင် မဟာအလင်းရောင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဇော်ဦး (ခ) အမိန်းကို စသုံးလုံးမှ ခေါ်ယူစစ်ဆေးနေကြောင်း ၎င်း မိသားစု အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စသုံးလုံးကခေါ်သွားတယ်။ အခုထိ စောင့်နေတုန်းပဲ” ဟု ၎င်း၏ဖခင် က ပြောကြားသည်။

ပဲဖိုးငွေဒေါ်လာ နှစ် ဒသမ သုံးသန်းကျော်ကို နိုင်ငံခြားကုမ္ပဏီ ၁၁ ခုထံမြန်မာကုမ္ပဏီက ၂၀၁၃ခုနှစ်အတွင်း ရယူထားပြီး ပစ္စည်း တင်ပို့နေသဖြင့် အစိုးရအဖွဲ့သို့ လိမ်လည်မှုဖြင့် တိုင်ကြား ထားကြောင်း မြန်မာနိုင်ငံ ပဲနှမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီကိစ္စနှင့်ပတ်သတ်ပြီး စီးပွားကူးသန်းမှလည်း ၀င်ရောက်ဖြေရှင်း ပေးနေပြီး ယခုကဲ့သို့ ပဲလိမ်လည်မှု ပြဿနာသည် သုံးကြိမ်မြောက် ရှိကာ ယခင်ကလည်း ငွေဒဏ်အပြင်ထောင်ဒဏ်အထိ စီးပွားကူးသန်းမှ ချမှတ်ခဲ့ကြောင်းပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောကြား သည်။

“နိုင်ငံခြားကုမ္ပဏီက သက်သေပြနိုင်ရင်တော့ ဒီဘက်က ခံရနိုင်တယ်” ဟု ၎င်းကပြောကြားသည်။

ယင်းကုမ္ပဏီ ၁၁ခုက မဟာအလင်းရောင်ကုမ္ပဏီနှင့် ဆက်စပ်သည့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများသို့ ကန်ဒေါ်လာ သုံးသန်းကျော် ပေးသွင်း သော်လည်း မဟာအလင်းရောင် ကုမ္ပဏီက ကန်ဒေါ်လာ ခုနစ် ဒသမ ငါးသိန်းကျော်သာ
တန်ဖိုးရှိသည့် ပဲများသာ တင်ပို့ခဲ့ကြောင်း နိုင်ငံခြားကုမ္ပဏီ ထံမှ သိရသည်။

ဦးအောင်ဇော်ဦး (ခ) အမိန်းသည် မတ်ပဲဈေးကွက်သို့ ၂၀၁၀ ခုနှစ်ခန့်မှ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၁နှင့် ၂၀၁၂တို့တွင် ပြည်ပသို့ ပဲအများဆုံး တင်ပို့ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း အရောင်းအဝယ်အများဆုံး ပြုလုပ် ဈေးကစားသည့် နာမည်ကြီး လုပ်ငန်းရှင်တစ်ဦး ဖြစ်ကြောင်း မတ်ပဲကုန်သည်တစ်ဦးက ဆိုသည်။

“၂၀၁၃ နှစ်စတည်းက မတ်ပဲဈေး ကျမယ်ပြီး ပြည်ပရော၊ ပြည်တွင်း အများကြီး လိုက်ရောင်းထားတာ၊ မတ်ပဲဈေးက မကျတဲ့အပြင် တက်လာတော့ သူ ရှုံးကုန်တာပေါ့။ မနိုင်မနင်းတွေ ဖြစ်လာတယ်။ ပြည်ပမှာသာ မဟုတ်ဘူး။ ပြည်တွင်းမှာလည်း သူ ပေးစရာတွေ အများကြီး ရှိနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မျိုးပပစန်း၊ နန္ဒာယမင်း

People power