Home » » စသုံးလုံးရုံးတွင် စစ်ဆေးခံရနေစဉ် သေဆုံးခဲ့သည့် မနန်းဝိုးဖန်း၏ ဂျပန်နိုင်ငံသားခင်ပွန်း အကျဉ်းထောင်မှ လွတ်မြောက်လာ

စသုံးလုံးရုံးတွင် စစ်ဆေးခံရနေစဉ် သေဆုံးခဲ့သည့် မနန်းဝိုးဖန်း၏ ဂျပန်နိုင်ငံသားခင်ပွန်း အကျဉ်းထောင်မှ လွတ်မြောက်လာ

Written By Unknown on Friday, January 10, 2014 | 2:54 PM

အထူးစုံစမ်းစစ်ဆေးရေးရုံးတွင် စစ်ဆေးစဉ် ယင်းအဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်း၏ ခင်ပွန်းသည် ဂျပန်နိုင်ငံသားကို ဇန်န၀ါရီ ၉ ရက်တွင် လှိုင်သာယာမြို့နယ်တရားရုံးက အပြီးသတ်စီရင်ချက်ချပြီး ထောင်ချုပ်ရက်ဖြင့် လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် မေလ ၁၆ ရက် တွင် ဂျပန်နိုင်ငံသား မစ္စတာနာမာအေးအား ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ- ၅(ဇ)နှင့် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အရေးပေါ်ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ-၁၃(၁)/ ၄၂၂ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းကို တစ်နှစ်ရှစ်လကြာ အမှုစစ်ဆေးအပြီးတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုများတွင် ပုဒ်မ- ၅ (ဇ)ဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) တွင် တရားဝင်မှတ်ပုံမတင်ဘဲ နိုင်ငံတော်၏ ဘောဂဗလကို ပျက်စီးစေရန်နှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် အိမ်ခြံမြေနှင့် စိုက်ပျိုးမြေများကို ၀ယ်ယူ၍ ဈေးကစားကာ အမြတ်တင်ရောင်းချမှုဖြင့် စွဲဆိုထားသည့်အမှုမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်၍ အမှုကို ပိတ်သိမ်းခဲ့ကြောင်း လှိုင်သာယာမြို့နယ် တရားသူကြီးက ပြောသည်။

၎င်းကို စွဲဆိုခဲ့သည့် နောက်တစ်မှုဖြစ်သော လ.၀.က အက်ဥပဒေပုဒ်မ-၁၃(၁) ဖြစ်သည့် မြန်မာနိုင်ငံအတွင်းသို့ ဥပဒေနှင့်ဆန့်ကျင်၍ ၀င်လာသောကြောင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ပြီး ချုပ်ရက်ကို ထောင်ဒဏ်မှ ထုတ်နုတ်ခံစားစေရန် အမိန့်ချမှတ်ခဲ့သောကြောင့် ထောင်ချုပ်ရက် တစ်နှစ်ရှစ်လရှိခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
““တစ်နှစ်ကျလို့ ချုပ်ရက်နဲ့ လွတ်သွားပေမယ့် ရုံးချုပ်ကို ခွင့်ပြုချက် လှမ်းတောင်းထားတယ်။ အခုတော့ အင်းစိန်ထောင်မှာ ပြန်ထားရမယ်”” ဟု လ.၀.ကမှ အရာရှိတစ်ဦးက ပြောသည်။

ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သော မစ္စတာနာမားအေး၏ ဇနီးသည် အသက် ၂၀ အရွယ်ရှိ မနန်းဝိုးဖန်းသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးဌာန မှ ၂၀၁၂ ခုနှစ် မတ် ၂၁ ရက်က ၎င်းဝယ်ယူထားသော မြေကွက်ကိစ္စဖြင့် ခေါ်ယူစစ်ဆေးခဲ့ပြီး သုံးရက်အကြာ မတ်လ၂၄ရက်တွင် အဆိုပါရုံး ငါးထပ် ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည်။

““မြေတွေအားလုံးကိုတော့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းထားတယ်။ ဒါကို မကျေနပ်ရင်တော့ အယူခံထပ်တက်ကြပေါ့”” ဟု လှိုင်သာယာမြို့နယ် တရားသူကြီး ဦးမြတ်ထူးမောင်က ပြောကြားသည်။မနန်းဝိုးဖန်းအမည်ပေါက်ဝယ်ယူခဲ့သည့် ကျပ်သိန်းသုံးထောင်ကျော်တန် မြေဧက ၁၅၀ ခန့် သည် မှော်ဘီမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် တောင်ငူမြို့နယ်တို့တွင် တည်ရှိကြောင်း သိရှိရသည်။

7day Daily