Home » » HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းအတွက် နိုင်ငံတော်သမ္မတ ကတိပျက်ဟု NHAPCC ဆို

HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းအတွက် နိုင်ငံတော်သမ္မတ ကတိပျက်ဟု NHAPCC ဆို

Written By Unknown on Monday, December 2, 2013 | 1:11 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁

ခုခံအား ကျဆင်းမှုရောဂါ (HIV/AIDS) ကာကွယ် တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်းများ တိကျသေစွာ ချမှတ်ပြီး လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကတိပြုထားသော်လည်း ယခုအချိန်အထိ မည်သည့် လုပ်ဆောင်မှုမှ တွေ့ရှိရခြင်း မရှိဘဲ ကတိပျက်နေသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တည်ထောင်ထားသော ခုခံ အား ကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့ (NHAPCC) က ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးကို အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲကာ တိကျသေချာစွာ လုပ်ကိုင်မည်ဟု ကတိပြု ပြောဆိုထားခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ်၌ ကျင်းပသော ကမ္ဘာ့ခုခံအား တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ခုခံအားကျဆင်းမှု ကူးစက် ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့(NHAPCC) က ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတော်သမ္မတ ကတိပေးထားသလို HIV/AIDS နဲ့ပတ်သက်တဲ့ ဘယ်လို စီမံကိန်းတွေ ဆောင်ရွက်နေတယ်ဆိုတာ မသိပါဘူး။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ကင်းမဲ့လွန်းပါတယ်” ဟု NHAPCC မှ တာဝန်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

ကျန်းမာရေး အသုံးစရိတ်များကို လွှတ်တော်မှ ယခင်နှစ်များထက် အဆ ၂၀ ခန့် တိုးမြှင့်ချထား ပေးသော်လည်း (HIV/AIDS) ဝေဒနာရှင်များအတွက် ထိုက်သင့်သည့် ဆေးဝါးများ မရရှိ၍ အသက်ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ထို့ကြောင့် ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရသူများ အတွက် အေအာဗီ ဆေးဝါးများ အလွယ်တကူ ရရှိရေး၊ အစိုးရဝန်ထမ်း၊ အရပ်သား ဝန်ထမ်းများတွင် ရောဂါပိုး တွေ့ရှိရုံဖြင့် အလုပ်မှ ထုတ်ပယ်ခြင်းကို ချက်ချင်း ရပ်ဆိုင်းရန်လည်း NHAPCC ထုတ်ပြန်ခဲ့သည်။

HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတော်အဆင့် စီမံကိန်း ချမှတ်ဆောင်ရွက်ပေးရန်နှင့် NGO၊ INGO၊ CSO များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရတို့မှ ပူးပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှု၊ ဖြစ်ပွားခြင်းနှင့် သေဆုံးသည့် စာရင်းများကို ကောက်ယူ၍ ထိရောက်သော အကူအညီများ ဆောင်ရွက်ပေးရန် NHAPCC ၏ ထုတ်ပြန်ချက်တွင် တောင်း ဆိုထားသည်။

မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ ကျော်တွင် HIV ပိုးကူးစက်ခံထားရသူ နှစ်သိန်းခန့် ရှိပြီး AIDS ရောဂါကြောင့် သေဆုံးသူဦးရေ တစ်သောင်းနှစ်ထောင် ဝန်းကျင် ရှိကြောင်း UNAIDS ၏ ၂၀၁၃ ခုနှစ်အာရှနှင့် ပစိဖိတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

NHAPCC (NLD-HIV/AIDS Prevention and Care Centre ) ကို မြန်မာနိုင်ငံ HIV/AIDS ဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ် ခံထားရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly