Home » » City Mart မှ အရက်တရားဝင်တင်သွင်းခွင့်အထောက်အထား မူရင်း မပြသနိုင်ပါက ဥပဒေကြောင်းအရ အရေးယူသွားမည်

City Mart မှ အရက်တရားဝင်တင်သွင်းခွင့်အထောက်အထား မူရင်း မပြသနိုင်ပါက ဥပဒေကြောင်းအရ အရေးယူသွားမည်

Written By Unknown on Friday, December 13, 2013 | 1:10 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

City Mart Holding ပိုင်ရှင် မိသားစုနှင့် ဆက်နွှယ်နေသော Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသည့် သာကေတစက်မှု ဇုန်ဂိုဒေါင်ကိုစစ်ဆေး ရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက်အားလုံး၏ တရားဝင်တင် သွင်းခွင့် အထောက်အထားမူရင်းအား ဒီဇင်ဘာ ၁၂ရက်နေ့တွင် မပြသနိုင်ပါက ဥပဒေကြောင်း အရ အရေးယူသွားမည်ဟု ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး အဖွဲ့ (M obile Team) မှ လက်ထောက် ညွှန်ကြားရေး မှူး ဦးစိုးအောင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

““ကျွန်တော်တို့ကို ၀ိုင်နဲ့ပတ် သက်လို့ အထောက်အထား မပြသေးဘူး။ စားသောက်ကုန်နဲ့ ပတ်သက်လို့ စစ်ပြီးပါပြီ။ ဒီဇင်ဘာ ၈ ရက်နေ့မှာ ၁ပတ်လောက် စောင့်ပေးပါလို့ ပြောတယ်။ ကျွန်တော် တို့က သူတို့ကို တစ်ပတ်တော့ မပေးနိုင်ဘူး။ အဲဒီအတွက် သူတို့ ကို ၁၂ရက်နေ့ မနက်ခင်းမှာသူတို့ ပြတဲ့စာရွက်စာတမ်းတွေကို မီဒီယာတွေရှေ့ ပြသမယ်။ သတင်းမီဒီယာတွေနဲ့ ပွင့်လင်းစွာ ထုတ်ပြန်ကြေညာ သွားမှာဖြစ်တယ်။ တကယ်လို့ သူ တို့ဘက်က တိကျစွာ ချမပြနိုင်ရင် တော့ ဥပဒေကြောင်းအရ အရေး ယူသွားမှာဖြစ်တယ်””ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ …

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း (၆၀)ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ် အခန်းများ၊ ကွန်တိန်နာ ဘောက်စ်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ်လည်ခန့် အပြည့်ရှိပြီး ဒီဇင်ဘာ(၈)ရက်အထိ စစ်ဆေး တွေ့ရှိချက်အရ ၀ိုင်ပုလင်းပေါင်း (၈၇၆၀၀)နှင့် အရက်ပုလင်း (၁၂၉၀)လုံးတို့ဖြစ်သည်။

တရားမ၀င်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ သို့ ၂၀၁၃ခုနှစ်အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်တစ်ခု ၌ တရားမ၀င်ကုန်ပစ်္စည်းများ သို လှောင်ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ (၃)ရက် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင် ဘာ(၄)ရက်တွင် ၀င်ရောက်စစ် ဆေးခဲ့ခြင်းဖြစ်သည်။

တရားမ၀င် ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေးအဖွဲ့မှ လက်ရှိ စစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလ အတွင်း ငါးခုမြောက်တိုင်ကြားချက် အရ စစ်ဆေးခြင်းဖြစ်ပြီး ယင်း မတိုင်မီ စစ်ဆေးခဲ့ရသော စက်ရုံ များမှာ ပို့ကုန်-သွင်းကုန် ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခံထားရကြောင်း Mobile Team အဖွဲ့၏ ထုတ်ပြန်ချက်များ အရသိရှိရသည်။

ထို့အပြင် ကုမ္ပဏီမှ အေးခဲအသားနှင့် ပတ်သက်သော အထောက် အထားများသာ ပြနိုင်ပြီး ကျန်ရှိသည့် ၀ိုင်အရက် ပုလင်းများနှင့် ပတ်သက်၍ တရားဝင် တင်သွင်းခွင့် ရရှိသည့် အထောက်အထား များကိုမူ ရှာဖွေစစ်ဆေးသည့် သုံးရက်မြောက် အထိပြသနိုင်ခြင်း မရှိသေးသည့် အတွက် ဒီဇင်ဘာ ၇ ရက်က ဦးစီး ဆောင်ရွက်နေသည်ဆိုသူ City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ဆိုသူ ထံ အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်။

ယင်းအကြောင်း အကြားမှုနှင့် ပတ်သက်၍ ဒေါ်ဝင်းဝင်းတင့်က ၀ိုင်၊ အရက်နှင့် ပတ်သက်၍ မူရင်းတရားဝင် အထောက်အထားများ တင်ပြနိုင်ရန် တစ်ပတ်ဆိုင်းငံ့ ပေးရန် ဒီဇင်ဘာ ၈ရက်က တရားဝင် မေတ္တာရပ်ခံ အကြောင်း ကြားစာဖြင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့သို့ ပေးပို့ထားကြောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း City Mart ကုမ္ပဏီရုံးချုပ်မှ CEO ဒေါ်ဝင်းဝင်းတင့်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းကိုင်ဖြေဆိုသူ အတွင်း ရေးမှူးဒေါ်အေးမို့က CEO ခရီး သွားနေပါသဖြင့် Marketing Deparment မှ ဒေါ်အေမီလှိုင်အား ဆက်သွယ် မေးမြန်းပါရန် မြန်မာသံတော်ဆင့်သို့ ပြန်လည် ဖြေကြားခဲ့သည်။

ထို့နောက် ဒေါ်အေမီလှိုင်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ မေးမြန်းမည် မေးခွန်းများကို အီးမေးလ် ပို့ပေးစေ လိုကြောင်း၊ အီးမေးလ်မှသာ တစ်ဆင့်ဖြေဆိုပေးမည် ဖြစ်ကြောင်း စသဖြင့် ပြန်လည်ဖြေ ကြားခဲ့သည်။

ယင်းကဲ့သို့ တောင်းဆိုချက် အတိုင်းမြန်မာသံတော်ဆင့်မှ City Mart သို့ အီးမေးလ်(၅)ကြိမ်ပို့၍ မေးမြန်း ခဲ့သော်လည်း ၎င်းတို့ ဘက်မှ ပြန်လည်ဖြေကြားမှု မပြုခဲ့သဖြင့် ဒေါ်အေမီလှိုင်သို့ ထပ်မံ ဆက်သွယ် မေးမြန်းခဲ့ရာ ““ကျွန်မ တို့ဘက်က ဖြေပြီးသွားပြီ။ အထက် လူကြီးရဲ့ခွင့်ပြုချက် စောင့်နေရတယ်။ ဒါပေမဲ့ မန်နေဂျာတို့က ဗန်ကောက် ကိုခရီးသွားနေတယ်။ ဗုဒ္ဓဟူးနေ့ညမှ ပြန်ရောက်မှာ အဲဒီတော့ အစ်မ တို့ကို ကြာသပတေးနေ့ မနက်မှ ဖြေကြားလို့ရမယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြန်လည်ဖြေကြား ခဲ့သည်။

အေမီမီမောင်

Myanmartandawsint Newspaper