Home » » CIF တန်ဖိုး ပြောင်းလဲမည့် သတင်းကြောင့် စလစ်ဈေး ကျဆင်း မန္တလေး ကားဈေးကွက် အရောင်းအဝယ်အေး

CIF တန်ဖိုး ပြောင်းလဲမည့် သတင်းကြောင့် စလစ်ဈေး ကျဆင်း မန္တလေး ကားဈေးကွက် အရောင်းအဝယ်အေး

Written By Unknown on Monday, December 9, 2013 | 8:10 AM

ဆိပ်ကမ်းအရောက် CIF တန်ဖိုးလျှော့ချခြင်းနှင့် မော်တော်ကား တင်သွင်းခွင့် မူဝါဒများ ပြောင်းလဲနိုင်ကြောင်း သတင်းများကြောင့် မန္တလေး ပြည်ကြီးမျက်ရှင် ကားဈေးကွက် အရောင်းအဝယ် အေးနေပြီး ယာဉ်အို ယာဉ်ဟောင်း စလစ်ဈေးနှုန်းများလည်း ငွေကျပ် သိန်း ၁ဝဝ ဝန်းကျင်မှ ငွေကျပ် ၈၅ သိန်းခန့် အထိ ကျဆင်း သွားသည်။ CIF ဈေးမှာ နှစ်စဉ် ပြောင်းလဲလျက်ရှိပြီး ၂ဝ၁၄ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲများအပြီး ဒီဇင်ဘာ နောက်ဆုံးပတ်တွင် ထုတ်ပြန်ဖွယ်ရှိရာ မော်တော်ကား ဝယ်လက်များ ဈေးကွက်စောင့်ကြည့် အနေအထား ရှိသဖြင့် အရောင်းအဝယ် နည်းပါးကြောင်း ကားပွဲစားများက သုံးသပ် ပြောကြားသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၌ ယခင်က တစ်နေ့လျှင် စီးရေ ၃ဝ ခန့် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံကြရာ (အ) အက္ခရာ အပ်နှံမှုမှာ တစ်နေ့လျှင် ၁ဝ စီးခန့်သာ ရှိပြီး အပ်နှံမှု နည်းပါးသည်။ စလစ် ဝယ်ယူမှု နည်းသဖြင့် အပ်နှံမှု နည်းပါးရခြင်း ဖြစ်သည်။

ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေး ဈေးကွက်တွင် စက်အင်ဂျင် ဘော်ဒီသန့် (အ) အက္ခရာ မော်တော် ယာဉ်တစ်စီး ငွေကျပ် ၉၅ သိန်း ရောင်းဝယ်ကြရာမှ ဒီဇင်ဘာ ပထမပတ်တွင် ငွေကျပ် ၈၅ သိန်းသို့ ဈေးကျ သွားပြီး မန္တလေး ကားဈေးကွက် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)

မြ၀တီ