Home » » BMW ကားကုမ္ပဏီ မြန်မာဈေးကွက်ဝင်

BMW ကားကုမ္ပဏီ မြန်မာဈေးကွက်ဝင်

Written By Unknown on Sunday, December 8, 2013 | 7:41 AM

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကမ္ဘာကျော် ကားကုမ္ပဏီတစ်ခုဖြစ်သည့် ဂျာမနီနိုင်ငံ အခြေစိုက် BMW ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် ကားသစ်များနှင့် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးရန်အတွက် သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း BMW ကားကုမ္ပဏီ၏ မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခွင့်ရသော Prestige Automobile ကုမ္ပဏီ၏ ပြန်ကြားရေးနှင့် ဆက်ဆံရေး အရာရှိ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

BMW ၏ နောက်ဆုံးပေါ် ကားသစ်များကို တင်သွင်း ရောင်းချသွားမည့်အပြင် BMW ၏ ပထမဦးဆုံး အရောင်းပြခန်းကိုလည်း ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

BMW ကားများကို တင်သွင်း ရောင်းချမည့်အပြင် အဆင့်မြင့် ကားပစ္စည်း ကိရိယာများနှင့် ကားပြုပြင် ထိန်းသိမ်းရေးစင်တာ၊ ကားဘော်ဒီ ဝပ်ရှော့တို့ကို BMW ကုမ္ပဏီမှ ပညာရှင်များ၏ အကြံဉဏ်များနှင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ဒေါ်စန်းစန်းမြင့်က ဆိုသည်။

မော်တော်ယာဉ် မူဝါဒ အပြောင်းအလဲနှင့်အတူ မော်တော်ယာဉ် အရောင်းပြခန်းများ အများအပြား ဖွင့်လာသည့်အပြင် ကမ္ဘာကျော် ကားကုမ္ပဏီ ကြီးများသည်လည်း ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လျက်ရှိရာ နိုဝင်ဘာလ ၃၀ ရက်နေ့က နာမည်ကြီး ဂျာမနီ ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Mercedes-Benz ကားအရောင်းပြခန်းကို ရန်ကုန်မြို့တော် ၇ မိုင် (ပြည်လမ်း) တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ Presitge Automobile ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်း ယန္တရားများ၊ ခရီးသည်တင် ယာဉ်များကို ဥရောပ ကုမ္ပဏီများ၏ ဖြန့်ချိရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသော Octagon International Services ကုမ္ပဏီ၏ ညီနောင် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း Prestige Automobile ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယင်းကုမ္ပဏီများမှာ နာမည်ကျော် ရွှေတောင် လုပ်ငန်းစုက ပိုင်ဆိုင်သည့် ကုမ္ပဏီများလည်း ဖြစ်သည်။

The Voice Weekly