Home » » အမရပူရမြို့မဟာ ဂန္ဓာရုံ နာယကချုပ် ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ဘဝနတ်ထံပျံလွန်

အမရပူရမြို့မဟာ ဂန္ဓာရုံ နာယကချုပ် ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသ ဘဝနတ်ထံပျံလွန်

Written By Unknown on Friday, December 27, 2013 | 4:55 PM

မန္တလေး၊ ဒီဇင်ဘာ ၂၆

ပရိယတ္တိ ကျမ်းတတ် အကျော်အမော်များ မွေးထုတ်ပေးရာ အမရပူရ (တောင်မြို့) မဟာဂန္ဓာရုံ စာသင်တိုက် နာယကချုပ် ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသသည် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော် မူသွားကြောင်း အဆိုပါ မဟာဂန္ဓာရုံ ကျောင်းတိုက်ထံမှ သိရှိရသည်။
“ဒီမနက် ၈ နာရီ ၄၅ မိနစ်မှာ ပျံလွန်တော် မူပါတယ်။ ငါးရက်ထားပါမယ်၊ တရားပွဲကို သီတဂူ ဆရာတော် အပါအဝင် နိုင်ငံကျော် ဓမ္မကထိကလေးပါးနဲ့ တရားပွဲတွေ လုပ်ပါမယ်။ လောလောဆယ်တော့ ဘယ်မှာ အန္တိမဈာပန လုပ်မယ် မသိသေးပါဘူး” ဟု မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ခိုင်ရွှေထွန်း ကျောင်းတိုက် ဆရာတော် အရှင်စိန္တိတက မိန့်ဆိုသည်။

သက်တော် ၈၁ နှစ်၊ ဝါတော် ၆၁ ဝါ ရှိပြီဖြစ်သော ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသကို မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ဆီသည်ကျေးရွာတွင် ခမည်းတော် ဦးဖေဘ၊ မယ်တော် ဒေါ်မယ်မတို့က ၁၂၉၂ ခုနှစ်ပြာသိုလဆန်း ၁၄ ရက်နေ့၊ ၁၉၃၀ ခုနှစ် ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့တွင် ဖွားမြင်ပြီး မွေးချင်း ခုနစ်ဦးအနက် ၅ ဦးမြောက် သားရတနာ ဖြစ်သည်။ ၁၃၁၄ ခုနှစ် တန်ခူးလဆန်း ၁၅ ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူကာ အစိုးရက ၁၉၉၁ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့နှင့် ၁၉၉၆ ခုနှစ်တွင် မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တို့ဖြင့် ပူဇော်ဆက်ကပ်ခဲ့သည်။

“ဘုန်းကြီးတို့ထက် ၁၉ နှစ်ကြီးတယ်။ ဘုန်းကြီးမဟာဂန္ဓာရုံမှာ နေစဉ်ကလည်း ဆရာတော် ဦးကုဏ္ဍလထံမှာ စာဝါ လိုက်ခဲ့ရသေးတယ်။ တိုက်တာကြီး တစ်ခုလုံးကို တောင်မြို့ဆရာတော်ကြီး ထားခဲ့တဲ့အတိုင်း တစ်သွေမတိမ်း စီမံအုပ်ချုပ်တော် မူနိုင်ပြီး စာပေကျမ်းဂန်နှံ့စပ်တဲ့ ဘက်စုံတော်တဲ့ ဆရာတော်တစ်ပါး ဆုံးရှုံးရတာပဲလို့ ပြောချင်တာပဲ” ဟု မန္တလေးစက်မှုမြို့သစ် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ဆိုသည်။

The Voice Weekly