Home » » မီးပုံးပျံ မီးစာ ပျက်ကျရာမှ အဘွားအိုအိမ် မီးလောင်ခံရ

မီးပုံးပျံ မီးစာ ပျက်ကျရာမှ အဘွားအိုအိမ် မီးလောင်ခံရ

Written By Unknown on Wednesday, December 4, 2013 | 9:45 AM

မြန်မာနိုင်ငံရှိ အနယ်နယ် အရပ်ရပ်တွင် တန်ဆောင်မုန်းလ မီးထွန်းပွဲများ၊ မီးပုံးပျံ လွှတ်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

သို့သော် ပျော်ပွဲရွှင်ပွဲများမှ တစ်ဆင့် ဒုက္ခရောက်သူများ၊ ထိခိုက် ဒဏ်ရာ ရသူများနှင့် မီးလောင်မှုများ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရသည်။ နိုဝင်ဘာ ၇ ရက် (တန်ဆောင်မုန်း လဆန်း ၅ ရက်) မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေယှားရွာတွင် ကျင်းပသော ကထိန်မှ မီးပုံးပျံ လွှတ်ရာတွင် မီးစာ ပျက်ကျရာမှ တစ်ဆင့် ဒေါ်ကျင်သန်း (၆၀ နှစ်) (ကျပန်း)၏ နေအိမ်ပေါ်သို့ ကျရောက် မီးလောင်ခဲ့သည်။

အဆိုပါ ဒေါ်ကျင်သန်း၏ နေအိမ် မီးလောင်ရာသို့ ကျေးရွာ ပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ရာ တစ်ခဏ အကြာတွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။

ကျေးရွာ ကထိန် ပျော်ပွဲရွှင်ပွဲမှ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ကျပန်းလုပ်ကိုင် စားသောက် နေရသော အဘွား ဒေါ်ကျင်သန်း၏ နေအိမ်ကို ယခုအချိန်ထိ ပြန်လည် ပြုပြင် တည်ဆောက်ပေးခြင်း မရှိသည့်အပြင် လျော်ကြေး ပေးခြင်းလည်း မရှိကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

ယခုလို ဆောင်းရာသီတွင် ရာသီဥတု ချမ်းအေး၍ နေစရာမရှိသော အဘွားအို၏ ဒုက္ခကို မျှဝေရင်း သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် သက်ကြီး ရွယ်အိုများကို ကာကွယ် စောင့်ရှောက် ပေးနိုင်ရန် စေတနာ အရင်းခံဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

MOI Webportal Myanmar