Home » » မထုတ်ဝေတဲ့ သတင်းစာတွေ လိုင်စင်ရုပ်သိမ်းမယ်လို့ ပြောကြား

မထုတ်ဝေတဲ့ သတင်းစာတွေ လိုင်စင်ရုပ်သိမ်းမယ်လို့ ပြောကြား

Written By Unknown on Sunday, December 1, 2013 | 8:18 AM

ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၃၁ စောင်ထုတ် ဝေခွင့်ပြုခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန မဏိရတနာ ကျောက်စိမ်းခန်းမမှာကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေမှူး ဦးအောင်ကျော်ဦးက ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။

“ယခင်ခွင့်ပြုခဲ့တဲ့ သတင်းစာတွေအနက်က ထုတ်ဝေခွင့် စတင်ဆောင်ရွက်နိုင်စရာမရှိတဲ့ သတင်းစာ ၁၅ စောင်ရှိပါတယ်၊ သူတို့ရဲ့ထုတ်ဝေခွင့် လက်မှတ်သက်တမ်းဟာ ၃၁ ရက် ၁၂ လမှာ ကုန်ဆုံးမှာဖြစ်ပါတယ်၊ သတင်းစာတစ်စောင် စတင်ထုတ်ဝေဖို့ ပြင်ဆင်ချိန်ကာလဟာ ဒီလောက်ဆိုရင် လုံလောက်တဲ့အချိန်ဖြစ်ပါတယ်၊ စတင်ထုတ်ဝေခြင်းမရှိတဲ့ သတင်းစာတွေကို ကျနော်တို့ ၃၁ ရက် ၁၂ လ နောက်ဆုံးထားပြီးတော့ အကြောင်းကြားမှာဖြစ်ပါတယ်၊ တကယ်လို့ ထုတ်ဝေနိုင်ခွင့်မရှိခဲ့လို့ရှိရင် ထုတ်ဝေခွင့်ကို ပိတ်သိမ်းသွားမှာဖြစ်ပါတယ်”

လက်ရှိမှာလည်း ထုတ်ဝေခွင့်ရထားတဲ့ ဂျာနယ် ၃၂ စောင်နဲ့ မဂ္ဂဇင်းအစောင် ၂၀ ရှိနေဆဲဖြစ်ပြီး အဲဒီဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေဟာ ကာလစည်းကမ်းသတ်မှတ်ချက်ထက် ကျော်လွန်နေပြီဖြစ်တဲ့အတွက် လာမဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ထုတ်ဝေတာတွေမရှိရင် ထုတ်ဝေခွင့် ပိတ်သိမ်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

RFA Burmese