Home » » ကော့သောင်း ရော်ဘာခြံလုပ်သား ၆၀ ကျော်ကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အလုပ်ထုတ်ဟုဆို

ကော့သောင်း ရော်ဘာခြံလုပ်သား ၆၀ ကျော်ကို သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက် အလုပ်ထုတ်ဟုဆို

Written By Unknown on Tuesday, December 10, 2013 | 3:03 PM

ရန်ကုန်၊ ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အတွင်းရှိ ထူးထူးတိုး ကုမ္ပဏီပိုင် ရော်ဘာခြံ တစ်ခုတွင် အလုပ် လုပ်ကိုင်နေသည့် လုပ်သား ၆၀ ကျော်ကို အလုပ်ကြပ် အပါအဝင် လူသုံးဦးက သေနတ်ကို မိုးပေါ် ထောင်ပစ်၍ ခြိမ်းခြောက်ကာ အလုပ်နုတ်ထွက် ခိုင်းစေခဲ့ကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာဂျာနယ်လစ် ကွန်ရက်တွင် ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ လုပ်သားများက ယင်းသို့ ပြောဆိုကြခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ထူးကြီးမြို့မှ လာရောက် လုပ်ကိုင်သူ လုပ်သားများအနက် လုပ်သားတစ်ဦး နေမကောင်းသဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ်ခွဲ အောင်ဘာကျေးရွာသို့ သွားရောက် ဆေးကုသသည်ကို ထူးထူးတိုး ကုမ္ပဏီ၏ အလုပ်ကြပ်က အလုပ်သစ် ရှာသည်ဟု စွပ်စွဲပြီး သေနတ်ပစ် ခြိမ်းခြောက်ကာ အလုပ်ထွက်ခိုင်းခြင်း ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုကြောင့် ထူးကြီးမြို့မှ လာသူ ကလေးသုံးဦး အပါအဝင် လုပ်သား ၆၅ ဦးတို့ ရော်ဘာခြံမှ ထွက်လာခဲ့ရကြောင်း လုပ်သားတစ်ဦးဖြစ်သူ ဦးမြစိုးက ဆိုသည်။

“အလုပ်ကြပ်တို့ထဲက လူတစ်ယောက်က သေနတ်ကို မိုးပေါ်ထောင်ပြီး သုံးကြိမ်ပစ်တယ်။ နောက်ပြီး အလုပ်ကြပ်က ထူးကြီးက လာတဲ့လူတွေ ပြန်လို့ပြောတယ်” ဟု ၎င်းကြုံတွေ့ခဲ့ရပုံကို ရှင်းပြသည်။

ထူးကြီးမြို့အတွင်းရှိ သရက်စိန်နှင့် ကျီးပင်စန်း ကျေးရွာများမှ အဆိုပါ လုပ်သားများသည် ထူးထူးတိုး ကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးက တစ်ရက်လုပ်အားခ ကျပ် ၃၅၀၀ ရရှိမည်ဟုဆို၍ သြဂုတ်လ အတွင်းက သွားရောက် လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခ ကျပ် ၂၅၀၀ သာ ရရှိခဲ့ကြောင်း လုပ်သား များထံမှ သိရှိရသည်။

အောင်ဘာကျေးရွာတွင် လုပ်သားတစ်ဦး ဆေးကုရန် လိုက်ပါသွားသည့် လုပ်သားများ အပြန်တွင် အရက်သောက်သုံး လာခဲ့ပြီး အလုပ်ကြပ်နှင့် စကားများခဲ့ကြောင်း၊ ထူးကြီးမှ လာရောက် လုပ်ကိုင် သည့် လုပ်သားများအနက် ၁၂ ဦးမှာ နေရပ်ပြန်ရန် ပြင်ဆင်နေစဉ် လုပ်သားအားလုံး လိုက်ပါသွားသည်ဟု ယူဆရပြီး ကုမ္ပဏီက အလုပ်ထုတ်ခဲ့ခြင်း မဟုတ်ကြောင်း ထူးထူးတိုး ကုမ္ပဏီ၏ တာဝန်ခံ ဦးစည်သူကျော်က ပြောကြားသည်။
“သက်ဆိုင်ရာက အကုန်လာပြီး စစ်ဆေးပြီးပါပြီ။ သေနတ် ပစ်တယ်ဆိုတာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

လုပ်အားခ ပေးရာတွင်လည်း လုပ်သားများ လုပ်နိုင်သည့်အတိုင်း လုပ်အားခပေးခြင်း ဖြစ်သဖြင့် တစ်ရက်လျှင် ၇၀၀၀ ကျပ် ရရှိသူများလည်း ရှိကြောင်း ဦးစည်သူကျော်က ထပ်မံပြောဆိုသည်။

အလုပ်ထုတ်မှု ပြဿနာ မတိုင်မီ နေရပ်ပြန်ရန် ပြင်ဆင်နေသည့် လုပ်သား ၁၂ ဦးက လမ်းစရိတ်နှင့် ကုမ္ပဏီကို ပေးရမည့် ငွေကျပ် ၁,၆၇၀,၀၀၀ ကို မိသားစုထံ မှာယူခဲ့ရကြောင်း၊ ယင်းငွေကို ထူးထူးတိုး ကုမ္ပဏီတွင် အလုပ်ရှာပေးသည့် ကိုယ်စားလှယ်မှတစ်ဆင့် မိသားစုများက လုပ်သားများထံ လွှဲပေးခဲ့သော်လည်း ယင်းငွေမှာ လုပ်သားထံ မရောက်ဘဲ ဆုံးရှုံးနေကြောင်း လုပ်သားများထံမှ သိရှိရသည်။

The Voice Weekly