Home » » မုံရွာမြို့ မာန်အောင်မြင် ကပ်ကျော်စေတီ ရောင်ခြည်တော် ကွန့်မြူးသည်ဆိုကာ လာရောက်ဖူးမြော် သူများပြား

မုံရွာမြို့ မာန်အောင်မြင် ကပ်ကျော်စေတီ ရောင်ခြည်တော် ကွန့်မြူးသည်ဆိုကာ လာရောက်ဖူးမြော် သူများပြား

Written By Unknown on Sunday, December 29, 2013 | 1:12 PM

မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ပေပင်တောင်ကျောင်းတိုက်အတွင်း တည်ထားသော မာန်အောင်မြင် ကပ်ကျော်စေတီတော်၌ ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီမှ စတင်၍ ရောင်ခြည်တော်ကွန့်မြူးသည်ဟုဆိုကာ ရာပေါင်းများစွာသော ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။

““ည ၉ နာရီလောက်ကစပြီး ဘုရားက ရောင်ခြည်တော်ကွန့်မြူးတာကို ဖူးခဲ့ရတယ်။ ရောင်ခြည်တော်ကွန့်မြူးတဲ့အချိန်မှာ အရောင်အမျိုးမျိုးပြောင်းပြီး စေတီတော်ကို လှည့်ပတ်နေတယ်။ လမ်းမပေါ်မှာ ကားတွေ ဆိုင်ကယ်တွေ ပြည့်ကျပ်သွားသလို လမ်းမပေါ်မှာ ဘုရားရှိခိုးတဲ့သူတွေလည်း ရှိတယ်”” ဟု မာန်အောင်မြင်ကပ်ကျော်စေတီတော် ရောင်ခြည်တော်ကွန့်မြူးသည်ကို မျက်မြင်ဖူးတွေ့ခဲ့ရသည့် ဆူးလေကုန်းရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

ည ၉ နာရီမှ ည ၁၂ နာရီ ခန့်အထိ ရောင်ခြည်တော်ကွန့် မြူးသည်ကို ဒေသခံတစ်ရာကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ မှတ်တမ်းများအရ သိရှိရသည်။

မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ပေပင်တောင်ကျောင်းတိုက်အတွင်းတွင် မာန်အောင်မြင်ကပ်ကျော်စေတီတော် (၄၈)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နတ်တော်လကွယ်နေ့ သံဃဒါနဆွမ်းလောင်းပွဲတော်အဖြစ် ပင့်သံဃာအပါး ၁၅၂ ပါးအား စာရေးတံမဲ၊ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်မည်ဖြစ်သည်။ ဘုရားပွဲတော်အကြိုကာလ ဒီဇင်ဘာ ၂၇ ရက် ညနေတွင် ကလေးငယ်များအတွက် ““ဘာသာရေးရာ အမေး၊ အဖြေကမ္ဘာ ပြိုင်ပွဲ””ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက် ညတွင် မုံရွာမြို့၊ ဉာဏလင်္ကာရကျောင်း ဆရာတော် အရှင် ဉာဏဓဇ၊ ၂၉ ရက်ညတွင် ဆီဆုံလေးဆရာတော် အရှင်စန္ဒိမာ၊ ၃၀ ရက်ညတွင် ဒယ်အိုးလေးဆရာတော် အရှင်တေဇာနန္ဒတို့က တရားတော်များ ဟောကြားမည်ဖြစ်ကြောင်း သိရှိရသည်။

7day Daily