Home » » ကျောက်တင်သင်္ဘော ဂက်စ်အိုးပေါက်ကွဲမှု သင်္ဘောသားခြောက်ဦး ထပ်မံပျောက်ဆုံး

ကျောက်တင်သင်္ဘော ဂက်စ်အိုးပေါက်ကွဲမှု သင်္ဘောသားခြောက်ဦး ထပ်မံပျောက်ဆုံး

Written By Unknown on Sunday, December 29, 2013 | 6:22 PM

မန္တလေး၊ ဒီဇင်ဘာ၂၈

မန္တလေးမြို့ ချော်တွင်း ဆိပ်ကမ်းတွင် ဒီဇင်ဘာ၂၇ ရက်နေ့က ဖြစ်ပွား ခဲ့သည့် ကျောက်တင်သင်္ဘော ဂက်စ်အိုး ပေါက်ကွဲမှုတွင် သင်္ဘောသား ခြောက်ဦးမှာ ပျောက်ဆုံးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေယာဉ်မှူး အပါအဝင် သင်္ဘောလုပ်သား ၁၂ ဦး ပါရှိသည့် ကျောက်တင် သင်္ဘော၏ ကျောက်ဆူးကို လေဂဟေဖြင့် ဖြတ်တောက်စဉ် လေအိုးများ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး သင်္ဘောသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ ဆက်လက်ရှာဖွေ စစ်ဆေးမှု များအရ ကျန်အလုပ်သမား ခြောက်ဦးမှာ ပျောက်ဆုံးနေသည်ကို သိရှိရခြင်း ဖြစ်သည်။

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် ချော်ဆိပ်ရှိ ဧရာဝတီ မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသည့် သူရန်ကျော်စိုးဝင်း ရန်ကုန်-မန္တလေး ကျောက်တင် သင်္ဘောပေါ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် သင်္ဘော ကျောက်ဆူးကို လေဂဟေဖြင့် ဖြတ်တောက်စဉ် အင်ဂျင်စက်ခန်းရှိ လေအိုးများမှတစ်ဆင့် ပေါက်ကွဲသွားပြီး သင်္ဘောမှာ ခါးလယ်က ကျိုးသွားကာ ဦးခေါင်းပိုင်း နစ်မြုပ်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်တွင် သင်္ဘောစီးရန် စောင့်နေသော ဒေါ်သီသီမြင့် ၄၀ နှစ် သေဆုံးသွားခဲ့ပြီး အခြားသင်္ဘောလုပ်သား သုံးဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကာ ကျန်ခြောက်ဦးမှာ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများ အရသိရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ရေယာဉ်မှူး ဦးသန်းနိုင်နှင့် သင်္ဘောသား အာနိုးတို့ကို ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄၊ ၃၃၈၊ ၂၈၆ ဖြင့် မဟာအောင်မြေမြို့နယ်အမှတ် (၇) ရဲစခန်းတွင် (ပ)၈၅၂/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထားလျက် ရှိကြောင်း အမှတ် (၇) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly