Home » » အကြမ်းဖက်သမား အသိပေးကြေညာချက် အခြေအနေ ရှုပ်ထွေးဆဲ

အကြမ်းဖက်သမား အသိပေးကြေညာချက် အခြေအနေ ရှုပ်ထွေးဆဲ

Written By Unknown on Tuesday, December 10, 2013 | 1:21 PM

ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန် ထွက်ခွာလာသည်ဆိုသည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦးအကြောင်း နေပြည်တော်မြို့မဈေး ကြေညာချက်နှင့် ပတ်သက်ပြီး အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။

ထိလွယ်ရှလွယ်ဖြစ်ပြီး လက်ရှိအချိန်တွင် လုံခြုံရေးအရ အရေးကြီးသည့် အချက်အလက်များကို ထည့်သွင်းကြေညာထားသော်လည်း လုံခြုံရေးအရာရှိများဘက်က ၎င်းတို့မသိရှိသေးကြောင်းသာ ငြင်းဆိုလျက်ရှိသည်။

ကေအိုင်အေ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့ ဆီးဂိမ်းကို အနှောင့်အယှက်ပေးရန်မရှိကြောင်း ပြောကြားခဲ့သည်။ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့၏ သဘောထားကြေညာချက်ကို ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ၎င်းကဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန် အကြမ်းဖက်သမားသုံးဦးသည် ကေအိုင်အေအမာခံနယ်မြေ လိုင်ဇာမှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နေ့စွဲဖြင့် နေပြည်တော်မြို့မဈေးတာဝန်ခံ အမည်တပ်ကာ ကြေညာထားခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ရန် ရန်ကုန်တွင် ရောက်ရှိနေသော အစ္စလာမ်သာဘာရေး အစွန်းရောက်မွတ်ဆလင်အဖွဲ့ များနှင့် ဆက်သွယ်လုပ်ဆောင်ရန် ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦး ရန်ကုန်သို့ အောက်တိုဘာလ ၁၈ ရက်တွင် ထွက်ခွာသွားပြီဟု ကြေညာထားသည်။ယင်းကြေညာချက်ကို အ ထက်အဖွဲ့အစည်းတစ်ခုမှ ညွှန်ကြားသောကြောင့် ကြေညာခြင်းဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်က ပြောကြားခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းက ညွှန်ကြားသည်ကို ဖြေကြားခြင်းမပြုခဲ့ပါ။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လုံခြုံရေးဆိုင်ရာအရေးပါသည့်ဌာနများဖြစ်သည့် နေပြည်တော်ရဲချုပ်ရုံး၊ သမ္မတပြောရေးဆိုခွင့်ရှိသူတို့က ၎င်းတို့ မသိရှိသေးကြောင်း ဒီဇင်ဘာ ၇ ရက်က 7Day ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားကြသည်။ လုံခြုံရေးအရ အရေးပါသည့်အဆိုပါသတင်းကို ပြည်တွင်းသတင်းဌာနအချို့က ဒီဇင်ဘာ ၈ ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ရေးသားကြသော်လည်း အစိုးရဘက်က ဒီဇင်ဘာလ ၈ ရက် ညပိုင်းအထိ တရားဝင်တုံ့ပြန်ခြင်းတစ်စုံတစ်ရာမရှိသေးပါ။

ယင်းသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ထားမှုမရှိသေးကြောင်း ဇဗ္ဗူသီရိမြို့နယ် နေပြည်တော်အမှတ် (၅) ရဲစခန်း တာဝန်ကျရဲအရာရှိကပြောသည်။ အသေးစိတ်အချက်အလက်ကို နေပြည်တော်စည်ပင်သို့ မေးမြန်းရန်သာ အဆိုပါအရာရှိက ထပ်မံပြောကြားသည်။ နေပြည်တော်မြို့မဈေး တာဝန်ရှိသူထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိပါ။

7day Daily