Home » » မိကျောင်းကန်အရေးက တိုင်းဝန်ကြီးချုပ်၏ ဆင်ခြင်တုံတရားကို စမ်းမည့်ပွဲဟုဆို

မိကျောင်းကန်အရေးက တိုင်းဝန်ကြီးချုပ်၏ ဆင်ခြင်တုံတရားကို စမ်းမည့်ပွဲဟုဆို

Written By Unknown on Monday, December 9, 2013 | 9:53 AM

ဝေမာသိမ့်|တနင်္လာနေ့၊ ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ်

သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန်ရပ်ကွက် ပဋိပက္ခတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ဆင် ခြင်တုံတရားမြင့်မားမှု ရှိ၊ မရှိ စမ်းသပ်မည့်ပွဲဖြစ်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်က ဝေဖန်ပြောကြားလိုက်သည်။

“ပြဿနာကို အင်အားသုံးဖြေရှင်းနေတာဟာ ဒီမိုကရေစီအတွက် အနှုတ်လက္ခဏာပြတဲ့ သဘောဖြစ်တယ်။ မနက်ဖြန် (ဒီဇင်ဘာ ၉ ရက်) ညနေ ၆ နာရီမှာ ရုပ်သိမ်းဖို့ အုပ်ချုပ်ရေးအဖွဲ့က သဘောထားထုတ်ပြန်ထားတဲ့အပေါ်မှာ ကျွန်တော်တို့ စောင့်ကြည်ရမယ်။ ဒီပွဲဟာ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအနေနဲ့ ဆင်ခြင်တုံတရား ဘယ်လောက် လေးနက်မြင့်မားလဲဆိုတာကို စမ်းသပ်မယ့်ပွဲပဲ။ မနက်ဖြန်မှာ အဖြေ ထွက်လိမ့်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်စန်းစန်းက “အစိုးရကလည်း အမှန်တကယ် နစ်နာနေသူတွေကို ထိုက်တန်တဲ့ လျော်ကြေးပေးရမှာဖြစ်သလို အမှန်တကယ် နစ်နာခဲ့တဲ့သူတွေ ကလည်း ဖြစ်နိုင်ခြေရှိတဲ့ တောင်းဆိုမှုဖြစ်ဖို့ လိုပါတယ်။ နှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဖို့လိုပါတယ်” ဟု ပြောသည်။

မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်ပြီး ၁၄ ရက်မြောက်နေ့ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီတွင် သပိတ် စခန်း ရုပ်သိမ်းပေးရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်က ဒီဇင်ဘာလ ၇ ရက်က သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီတွင် အုပ်ချုပ်ရေး အဖွဲ့နှင့် တပ်မြို့စည်ပင်တို့က မည်သို့ ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မိကျောင်းကန် သပိတ်စခန်းအရေးနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော် နှင့် ဒေါ်စန်းစန်းမြင့်တို့က ဒီဇင်ဘာလ ၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံမှုတွင် မိကျောင်းကန်သပိတ်စခန်းမှ စာဖြင့် အကူအညီတောင်းခံလာခြင်းကြောင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်ထံမှ သိရသည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ တိုင်းဒေသကြီးအမှတ်(၁) ဦးကျော်က မိကျောင်းကန်အရေးနှင့်ပတ်သက်၍ ဒီဇင်ဘာ ၉ ရက်တွင် စတင်ကျင်းပမည့် တိုင်ဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် အရေးကြီးအ ဆိုအဖြစ် တင်သွင်း စီစဉ်လျက်ရှိကြောင်း ဦးကျော်ထံမှ သိရသည်။

“ခရိုင်ရုံး ထွေအုပ်တွေနဲ့တွေ့တဲ့အခါမှာ ကျွန်တော်တို့က မိကျောင်းကန်က ကိုယ်စားလှယ်တွေတင်ပြတဲ့ အချက်ခုနစ်ချက်ထဲက သုံးချက်ကို ညှိနှိုင်းနိုင်ပေမယ့် ကျန်တဲ့အချက်လေးချက်ကို ၀န်ကြီးချုပ်နဲ့ ညှိနှိုင်းမယ်လို့ ပြောတယ်။ ပြီးရင် ပြန်အကြောင်းကြားပေးမယ်လို့ ပြောတယ်။ အခုချိန်ထိ (ဒီဇင်ဘာ ၈ ရက် ည ၉ နာရီ အထိ) ခရိုင်ရုံးက ဘာမှ အကြောင်းမကြားလာဘူး။ ၀န်ကြီးချုပ်ရဲ့အဖြေကို စောင့်ကြည့်ပြီး လွှတ် တော်မှာ အရေးကြီးအဆို တင်ဖို့ စီစဉ်ထားပေမယ့်။ ဒီဇင်ဘာ ၁၀ ရက်မှပဲ အခြေအနေအားလုံးပေါ် မူတည်ပြီး ဆက်စီစဉ်သွားမှာပါ”ဟု ဦးကျော်က ပြောသည်။

ဗဟန်းမဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက“အဓိကရုဏ်း နှိမ်နင်းတယ်ဆိုလည်း ဘယ်ဥပဒေအရ နှိမ်နင်းတာလဲ၊ ဘယ်အမိန့် ညွှန်ကြားချက်အရ ဖြိုးခွင်း တာလဲ။ ဖြိုးခွင်းတဲ့နေရာမှာလည်း အဓိကရုဏ်းနှိမ်နင်းတဲ့ ဥပဒေအတိုင်းပဲ ဖြိုခွင်းရမယ်။ ဖေ့စ်ဘွတ်နဲ့ ဆိုရှယ်မီဒီယာတွေမှာ မြင်ရတာဟာ ဖြိုခွင်းတဲ့သူတွေရဲ့ဘတ်မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ဆိုတော့ ဒီဌာနက လွှတ်ထားတယ်ဆိုတာပေါ့။ နောက် တပ်မြို့ စည်ပင်လို့လည်း ပါတယ်။ ဒီဌာနအတွက် တာဝန်ရှိတဲ့သူက ဘယ်ဥပဒေအရ ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုအခွင့်အာဏာတွေရှိလို့ ဒါကို ဖြိုခွင်းလို့ရတာလဲ”ဟု သုံးသပ်ပြောဆိုသည်။

Mizzima - News in Burmese