Home » » ရလလဖ (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေးနေ့ အခမ်းအနား ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် ကန့်ကွက်

ရလလဖ (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေးနေ့ အခမ်းအနား ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် ကန့်ကွက်

Written By Unknown on Sunday, December 15, 2013 | 1:30 PM

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) ၏ (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနား ကျင်းပမှုကို ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် (PNO) က ကန့်ကွက်ခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ရလလဖ ဗဟိုဌာန ဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြိုနယ် နောင်ထောဝ် ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် PNO က အခမ်းအနား မပြုလုပ်ရန် စာပေးပို့ အကြောင်းကြားခဲ့ကြောင်း ဦးခွန်စိန်ရွှေက ပြောကြားသည်။
“အခမ်းအနားကို သူတို့ခွင့်ပြုချက် မရှိဘဲ မလုပ်ရဘူး ဆိုပြီးတော့ ရေးသားထားတယ်။ ပအိုဝ့်ဒေသကို ပအိုဝ့် လူမျိုးတိုင်း ပိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး PNO သို့ ဆက်သွယ် မေးမြန်းရာတွင် “ဟုတ်ပါတယ်။ ဒါက အထက်က အမိန့်ပေးထားတာပါ။ ဘာပဲလုပ်လုပ် ခွင့်ပြုချက်ယူဖို့ပါ” ဟု PNO ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပအိုဝ့် တိုင်းရင်းသားများ တန်းတူ အခွင့်အရေးအတွက် ရလလဖ ပအိုဝ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးကို ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တပ်မတော် အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သော်လည်း ၁၉၇၃ ခုနှစ်တွင် ရလလဖ အတွင်းမှ PNO က ခွဲထွက်ခဲ့သည်။

ရလလဖ သည် တပ်မတော်အစိုးရကို ဆက်လက် တော်လှန် တိုက်ခိုက်ခဲ့ပြီး ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ဌာနချုပ် တည်ရှိရာ နောင်ထောဝ်ကျေးရွာ အသိမ်းခံရချိန်တွင် အပြီးအပိုင် လက်နက်ချခဲ့သည်။

အဆိုပါ နှစ်ရက်တိုင် ကျင်းပခဲ့သော (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနားသို့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကယန်း ပြည်သစ်ပါတီ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး ကို ဆွေးနွေးခဲ့ကြသည်။

The Voice Weekly