Home » » ထွန်းထွန်းမင်းနှင့် တူးတူး အပါအဝင် မြန်မာ့မွေလက်ရွေးစင် ခုနစ်ဦး ဗိုလ်လုပွဲတက်

ထွန်းထွန်းမင်းနှင့် တူးတူး အပါအဝင် မြန်မာ့မွေလက်ရွေးစင် ခုနစ်ဦး ဗိုလ်လုပွဲတက်

Written By Unknown on Friday, December 20, 2013 | 11:32 AM

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် မွေ (အာဆီယံမွေ) ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲများကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ဆက်လက် ကျင်းပခဲ့ရာ ထွန်းထွန်းမင်းနှင့် တူတူးတို့ နှစ်ဦးအပါအဝင် မြန်မာ့မွေ လက်ရွေးစင် ခုနစ်ဦး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။

ထွန်းထွန်းမင်းသည် ၎င်းအားသာသည့် ပတ်ခြေကန်ချက်နှင့် တွဲလက်သီးများ အသုံးပြုပြီး သုံးချီပြည့် အစီးထိုးသတ်နိုင်ခဲ့ပြီး ဗီယက်နမ် ကစားသမား၏ တွဲလက်သီး များကြောင့်လည်း ယင်းပွဲမှာ အကြိတ်အနယ် ရှိခဲ့ရပြီး ပရိသတ်အကြိုက် ပွဲကောင်း ဖြစ်ခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ပင် တူးတူးကလည်း လာအို ကစားသမားကို ကြိုးဝိုင်းထောင့် ပိတ်၍ တွဲလက်သီးချက်များ ပစ်သွင်းနိုင်ခဲ့ရုံမက ၎င်း၏ နင်းခြေနှင့်ဖျက်ခြေ ကန်ချက်များကြောင့် လာအိုကစားသမား ကြိုးဝိုင်းအတွင်း ပတ်လည် ရှောင်ပြေးခဲ့ရသည်အထိ ဖြစ်ခဲ့၍ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကွာတားဖိုင်နယ် အဆင့်က စတင်ကစားခဲ့ရသည့် စိုးလင်းဦးမှာ ယင်းပွဲတွင် မလေးရှား ကစားသမားကို အစီးထိုးသတ်နိုင်ခဲ့သော်လည်း အကြို ဗိုလ်လုပွဲတွင်မူ ထိုင်းကစားသမား၏ ပါးနပ်မှုနှင့် လျင်မြန်မှု များကြောင့် လက်ရည်တူ ယှဉ်နိုင်ခဲ့သော်လည်း အမှတ်ပေးပြိုင်ပွဲ ထုံးစံအရ ပြိုင်ဘက်၏ ထိချက် အသာရမှုများကြောင့် ရှုံးခဲ့ရပြီး တတိယဆု အတွက်သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

အမျိုးသမီး ၆၀ ကီလိုတန်း၏ အကြို ဗိုလ်လုပွဲကို ယှဉ်ပြိုင်ခဲ့သည့် သူဇာဟန်က လာအို ကစားသမားကို အစီးထိုးသတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ၅၇ ကီလိုတန်းတွင် ယှဉ်ပြိုင်ခဲ့သည့် ဇင်မာခိုင်မှာ ထိုင်းကစားသမားကို အမှတ်ဖြင့် ရှုံးခဲ့ပြီး တတိယနေရာ အတွက်သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မွေအားကစားနည်းကို နှစ်ရက် ယှဉ်ပြိုင်ပြီးချိန်တွင် မြန်မာမွေအသင်းက ကစားသမားများဖြစ်သည့် စောငမန်း၊ မိုက်ရိုင်း၊ လှယဉ်မေနှင့် ဂရေ့စ်တို့နှင့်အတူ တူးတူး၊ ထွန်းထွန်းမင်း၊ သူဇာဟန်တို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယင်းအားကစားနည်း၏ ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲများကို ဝဏ္ဏသိဒ္ဓိ မွေလက်ဝှေ့ရုံ၌ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

The Voice Weekly