Home » » မြန်မာ့ဟိုတယ် လုပ်ငန်းကဏ္ဍ မယုံကြည်နိုင်ဖွယ် တိုးတက်လာသည်ဟု အမေရိကန် ဟိုတယ်အုပ်စုဆို

မြန်မာ့ဟိုတယ် လုပ်ငန်းကဏ္ဍ မယုံကြည်နိုင်ဖွယ် တိုးတက်လာသည်ဟု အမေရိကန် ဟိုတယ်အုပ်စုဆို

Written By Unknown on Sunday, December 29, 2013 | 12:43 PM

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာ့ဟိုတယ်ကဏ္ဍ မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာသည်ဟု ကမ္ဘာကျော် အမေရိကန် ဟိုတယ်အုပ်စု Best Western Inter-national မှ အာရှနှင့် အရှေ့အလယ်ပိုင်း စီမံခန့်ခွဲရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr.Glenn de Souza က ပြောကြားသည်။
“မြန်မာ့ ဟိုတယ်ကဏ္ဍက ကျွန်တော်တို့ မျက်စိရှေ့မှာတင် တကယ်ကို မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာတာပါ။ အနာဂတ်အတွက် တကယ်ကို ရင်းနှီး မြှုပ်နှံသင့်တဲ့နေရာ ဖြစ်နေပြီ” ဟု Mr. de Souza က ဆိုသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဟိုတယ် လုပ်ငန်းအုပ်စု ဖြစ်သည့် Best Western International သည် ရန်ကုန်မြို့တော်တွင် အခန်း ၁၈၉ ခန်း ပါဝင်သော Green Hill ဟိုတယ်ကို ၂၀၁၃ ခုနှစ် မေလမှစတင်၍ စီမံခန့်ခွဲ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

“ဒီမှာ ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်လည်း အောင်မြင်မယ်လို့ ယုံကြည်နေတယ်။ ကျွန်တော်တို့က ဒီမှာအနာဂတ် အလားအလာတွေကို ကြည့်ပြီးဝင်လာတာ။ ရေရှည်ကို ရည်ရွယ်ထားတယ်။ မြန်မာပြည်မှာ ခရီးသွားလုပ်ငန်း ဒီထက် ပိုမိုဖွံ့ဖြိုးလာဖို့” ဟု ၎င်းကဆိုသည်။

Best Western International သည် လာမည့် ၂၀၁၄ ခုနှစ် နှစ်လယ်တွင် နေပြည်တော်၌ ဟိုတယ်သစ်တစ်လုံး ထပ်မံ စတင်ဖွင့်သွားမည် ဖြစ်ပြီး ဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ပါဝင်မည်ဖြစ်ကာ နိုင်ငံတကာအဆင့် ကြယ်ငါးပွင့် ဟိုတယ်အဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

ယခု နေပြည်တော်တွင် တည်ဆောက်နေသည့် ဟိုတယ်သည် မြန်မာနိုင်ငံတွင် Best Western Hotel အမည်ဖြင့် ပထမဆုံး ဖွင့်လှစ်မည့် ဟိုတယ်ဖြစ်ပြီး ပြည်တွင်းရှိ အေဒင်ပဲလေ့စ် ကုမ္ပဏီနှင့် တရားဝင်စာချုပ် ချုပ်ဆို၍ တည်ဆောက်နေခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရှိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃-၂၁၄ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဦးရေ နှစ်သန်း ဝင်ရောက်ရန် မျှော်မှန်း ထားသော်လည်း ၂၀၁၃ ဒီဇင်ဘာလအထိ ခရီးသွား ဝင်ရောက်မှုမှာ ၁ ဒသမ ၉ သန်းအထိ ရှိနေသောကြောင့် ခန့်မှန်းထားသည်ထက် ခရီးသွား ပိုမိုဝင်ရောက်မည်ဟု ယုံကြည်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် အဆိုပါ ကုမ္ပဏီသည် ရန်ကုန်တွင် ထပ်မံ၍ ဟိုတယ် တည်ဆောက်ရန်လည်း စီစဉ်နေပြီး ခရီးသွားဧည့်သည် အလာများသော မန္တလေးနှင့် ပုဂံတွင်လည်း ဟိုတယ် အသစ်များ တည်ဆောက်သွားရန် အစီအစဉ် ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

“ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းကို နိုင်ငံတကာက သြသာ ဖြစ်နေပြီလို့ကို ပြောနေတာပါ။ တကယ်လည်း တော်တော်ကြီးကို ဖွံ့ဖြိုးလာနေပါတယ်။ ဒီထက်ဖွံ့ဖြိုး လာမယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာမှ နာမည်ကျော် ဟိုတယ်အုပ်စုများက အဆင့်မြင့် ဟိုတယ်များ အပြိုင်အဆိုင် တည်ဆောက်နေကြပြီး Hilton၊ HAGL၊ Shangri-la၊ Pan-PacificAccor Group က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးတို့တွင် ဟိုတယ် ခြောက်လုံးတို့ကို တည်ဆောက်နေသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ယခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၉၇ ဒသမ ၉၂၁ သန်းအထိ ရှိသည်။

The Voice Weekly