Home » » ဘန်ကောက်ပဋိပက္ခ ရဲ ၁ ဦး သေဆုံး၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ကော်မရှင်အဆိုပြု

ဘန်ကောက်ပဋိပက္ခ ရဲ ၁ ဦး သေဆုံး၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ကော်မရှင်အဆိုပြု

Written By Unknown on Thursday, December 26, 2013 | 7:14 PM

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ ဆန္ဒပြသမားတွေနဲ့ ရဲတွေကြား ဒီနေ့ မနက်ပိုင်း ပဋိပက္ခအတွင်း ရခဲ့တဲ့ ဒဏ်ရာနဲ့ ရဲ ၁ ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းစာတွေမှာ ဖော်ပြပါတယ်။

ပဋိပက္ခအတွင်း ပြတင်းတံခါးကို ဖောက်လာတဲ့ လေသေနတ်ကျည်ဆန်ဟာ အသက် ၄၂ နှစ်အရွယ် ရဲသားရဲ့ ညာဘက်ရင်အုံမှာ ထိမှန်ခဲ့ပြီး ဆေးရုံတင်ခဲ့ပေမယ့် နေ့လယ်ပိုင်းမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပဋိပက္ခအတွင်းမှာ ရဲသုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က အစောပိုင်းမှာ ကြေညာထားပါတယ်။ ဆန္ဒပြသမားတော်တော်များများ ဒဏ်ရာရခဲ့ပြီး ဆန္ဒပြသမားတယောက်ရဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါ ၂ ရက် ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံတင်နေတာကို ကန့်ကွက်သူတွေနဲ့ ရဲတပ်ဖွဲ့အကြား နောက်ဆုံး ထိပ်တိုက်တွေ့မှုအပြီးတော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးဖို့ အစိုးရကို အဆိုပြုလိုက်ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ဘက်အားလုံးကြားမှာ သဘောတူညီချက် မရရင် ၂၀၁၄ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကော်မရှင်ရဲ့ ကြေညာချက်က ဆိုပါတယ်။

ဒါကြောင့် သဘောတူညီချက်ရတဲ့အထိ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားဖို့၊ ပူးတွဲသဘောတူညီချက် ရရှိဖို့ ရွေးကောက်ပွဲကော်မရှင်ကလည်း ဖျန်ဖြေတဲ့ အခန်းကဏ္ဍအနေနဲ့ ဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကယ်၍ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုတဲ့ အတိုင်း ဆောင်ရွက်တာမျိုးမရှိ၊ အခြေအနေလည်း တိုးတက်မလာရင် ကော်မရှင်မှာပါတဲ့ အဖွဲ့ဝင်တွေ တဦးချင်းက အခြေအနေကို ပြေလည်သွားစေမယ်လို့ ယူဆတဲ့ ဆုံးဖြတ်သွားတွေကို ချမှတ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ