Home » » ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ဟုဆို

ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ဟုဆို

Written By Unknown on Monday, December 23, 2013 | 3:15 PM

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်သို့ ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ကြောင်း ရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ကရင်နှစ်သစ်ကူး ပွဲတော် ဖြစ်မြောက်ရေး အစည်းအဝေး အပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရက မတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးသည့်အတွက် အဆိုပါ ဥပဒေဖြင့် ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူများကို တရားစွဲဆိုမည် စိုးသောကြောင့် မဖိတ်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ က မဖျက်ရသေးဘူး။ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းကလည်း အချိန်မရွေး ပျက်ပြယ် သွားနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ်” ဟု ဦးစောလှထွန်းက ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် ကရင် လက်နက်ကိုင် လေးဖွဲ့တို့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော်လည်း ငြိမ်းချမ်းရေး ကိစ္စများ ယုံကြည် စိတ်ချခြင်း မရှိသောကြောင့် မဖိတ်ကြားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များသည် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် ကြိုးပမ်းနေသည့် အဖွဲ့များလည်း ဖြစ်သည်။
“ဒီကိစ္စကို မသိဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေ လာတက်တဲ့ ပွဲတွေ ရာနဲ့ချီပြီး ရှိနေပြီ။ ဒီလိုကြားတော့ အံ့သြမိတယ်” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးရှိ ကရင် တိုင်းရင်းသားများ စုပေါင်း ကျင်းပသော (၇၆) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်အထိ သုံးရက်တာ ကျင်းပမည် ဖြစ်သည်။

The Voice Weekly