Home » » မျက်ရည်များ၊ ပဋိပက္ခများကြားက မြန်မာ-အင်ဒို ဘောလုံးပွဲ

မျက်ရည်များ၊ ပဋိပက္ခများကြားက မြန်မာ-အင်ဒို ဘောလုံးပွဲ

Written By Unknown on Tuesday, December 17, 2013 | 1:25 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အဆုံးအဖြတ်ပေးမည့် SEA Games အမျိုးသား အုပ်စု (က) ဘောလုံးပွဲစဉ်၏ အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်သော မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြရာတွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရာ မြန်မာပရိသတ်များ မကျေမနပ် ဖြစ်ပြီး လုံခြုံရေး ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ပင်နယ်တီ တစ်ဂိုး ပေးထားရသည့် မြန်မာအသင်းမှ ကစားသမား တစ်ဦးကို ပွဲကစားချိန် မိနစ် ၈၀ ခန့်တွင် ဗီယက်နမ် နိုင်ငံသား ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီဖြင့် ထုတ်ပယ်လိုက် ချိန်တွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ် အချို့က ထိုင်ခုံများကို စတင် ရိုက်ချိုးလိုက်ကြပြီး ကွင်းအတွင်း ပစ်ပေါက်လာကြသည်။

သိပ်မကြာချေ။ ပွဲကြည့်စင်၏ မြောက်ဘက်ခြမ်းမှ ပွဲပိုကြမ်းလာသည်။ ထိုင်ခုံများစွာကို ရိုက်ချိုးပြီး ကွင်းထဲကို ပစ်သည်။ ဓာတ်ပုံ၊ တီဗီ သတင်းထောက်များ ထွက်ပြေးကြသည်။

လုံခြုံရေးရဲများ ထိုနေရာသို့ အပြေး အလွှားရောက်သွားပြီး ခုံများရိုက်ချိုးသည့် သောင်းကျန်းသူ ပရိသတ်ကို ဖမ်းဆီးသော် လည်း ထိုပရိသတ်က လုံထိန်းရဲကို ပြန်ထိုးပြီး ခုံဖြင့် ရိုက်လိုက်သည်။ ထိုမတိုင်ခင်မှာ လည်း မြန်မာပရိသတ် နှစ်ဦး ကွင်းထဲပြေးဝင်ပြီး သောင်းကျန်းသဖြင့် ဖမ်းဆီး၍ အပြင်ခေါ် ထုတ်ရသေးသည်။

ပွဲကစားချိန် မိနစ် ၉၀ အပြီး အချိန်ပို ငါးမိနစ် ကစားပြီးသည့်အခါ ဗီယက်နမ် ဒိုင်က ပွဲပြီးကြောင်း ခရာမှုတ်လိုက်ချိန် တွင်တော့ ပွဲကြည့်စင်၏ တောင်ဘက်အခြမ်းမှ ထိုင်ခုံများ ရိုက်ချိုးပြီး အရေးပေါ် ကားများကို ပစ်ပေါက်သည်။ လုံခြုံရေးရဲ များကိုပါ ပစ်ပေါက်ခဲ့ကြသည်။

မြန်မာ ဘောလုံးသမားများ ငိုကြသည်။ ဘောလုံးပွဲကြည့် ပရိသတ်များ ပိုမို သောင်းကျန်းလာကြသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာဘောလုံးသမားများ ကို နှစ်သိမ့်သည်။ ဦးဇော်ဇော်ကို ဘောလုံး ပရိသတ်က ဝိုင်းဆဲကြသည်။

ပရိသတ်များ ထိန်းမရတော့။ ထိုင်ခုံများကို ပိုရိုက်ချိုးလာကြသည်။ ဘောလုံးပွဲ အစီအစဉ် ကြေညာသူ အမျိုးသမီးက ပရိသတ်များ ထိုင်ခုံများ မရိုက်ချိုးကြရန် မေတ္တာရပ်ခံ သော်လည်းမရ။ မီးသတ်၊ လုံးထိန်းရဲ၊ ရဲတပ်ဖွဲ့ အကုန် ဝိုင်းထိန်းသည့် အတွက် ဘောလုံးကွင်းအတွင်း ငြိမ်သွားသည်။ သို့သော်ကွင်းပြင်တွင် သောင်းကျန်း ကြပြန်သည်။
"ရှက်တတ်ရင် မြန်မာအင်္ကျီတွေ ချွတ်ပြီး မီးပုံရှို့" ဟု အော်ဟစ်ကာ အင်္ကျီများ မီးပုံရှို့ ကြသည်။

သုဝဏ္ဏဘောလုံးကွင်း အဝင်ဝရှိ (၂၇) ကြိမ်မြောက် SEA Games မုခ်ဝတွင် မြန်မာအသင်းကို အားပေးရန် ဝတ်ဆင် ထားသော မြန်မာ SEA Games အင်္ကျီ များကို မီးပုံရှို့ ကြသည်။

ဘောလုံကွင်းအနီး လေးထောင့်ကန် လမ်းနှင့် ဝေဇယန္တာလမ်း ထောင့်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့် ပရိသတ် အချို့ကို ဟန့်တားရာမှ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပရိသတ် ၁၀၀ ခန့် အချင်းများကြသည်။
လူ ၁၀၀ကျော် ခဲဖြင့် ထုကြသူများတွင် ရဲတပ်ဖွဲ့က ငါးဦးခန့်ကို ဖမ်းမိလိုက်ကာ ထိုးသည်၊ ကြိတ်သည်၊ ပါးရိုက်သည်။

ပရိသတ်များက လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ခဲများဖြင့် ပစ်ပေါက်သဖြင့် ယင်းလူအုပ်ကို မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ပိုက်များဖြင့် ထိုးကာ လူစုခွဲခဲ့ရသည်။
"ဆိုင်းဘုတ်တွေ၊ ဆီးဂိမ်း အထိမ်း မှတ် လုပ်တဲ့ အရာတွေ၊ ခြံစည်းရိုး ကာထားတဲ့ သွပ်တွေကို ပရိသတ်တစ်ဖွဲ့က ဖျက်ဆီးတယ်။ အင်္ကျီတွေ၊ အလံတွေကို မီးရှို့တယ်" ဟု သုဝဏ္ဏဘောလုံး အားကစားကွင်း အပြင်ဘက်တွင် ဖြစ်ပွား နေသည့် မြင်ကွင်းကို အဆိုပါ နေရာသို့ ရောက်ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

ဆူပူမှုများ ဖန်တီးသည့် ပရိသတ်အချို့ ကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး သုဝဏ္ဏ ဘောလုံးအားကစားကွင်း အပြင်ဘက် လမ်းများပေါ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀၀ ခန့် နေရာယူလိုက်သည်။

တောင်ကြီးမြို့မှ ယင်းဘောလုံးပွဲ လာအားပေးသူ တစ်ဦးကမူ "တောင်ကြီးက ပိုက်ဆံအကုန်ခံပြီး လာအားပေးတာ။ တန်ကို မတန်ဘူး" ဟု ဝမ်းနည်းကာ အော်ဟစ်သည်။

(၂၇) ကြိမ်မြောက် SEA Games ဆိုင်းဘုတ်များ ကိုလည်း မီးရှို့ကြသည်။ ဖျက်ဆီးကြသည်။ လုံးထိန်းရဲများ သင်တန်း ပေးထားသည့်အတိုင်း တစ်ဖွဲ့တက် တစ်ဖွဲ့လိုက်ဖြင့် နည်းစနစ်မှန်မှန်ဖြင့် တက်သော်လည်း ဒေါသထွက်နေသော ပရိသတ်များ၏ ခဲနှင့် ပစ်ပေါက်ခံရသည်။

ဒေါသထွက်နေသော ပရိသတ်များက ရဲများ ရှေ့မတက်လာရန် အော်သည်။ ရဲများက တက်သည်။ မီးသတ်ပိုက် များဖြင့် ထိုးသည်။ထို့အတွက် ခဲများဖြင့် ပြန်ထုကြသည်။
ဝေဇယန္တာလမ်းနှင့် သံသုမာ လမ်းဆုံတွင် ခဲများ ပလူပျံသွားသည်။
လုံထိန်း ရဲတပ်ဖွဲ့က ပဋိပက္ခ နှိမ်နင်းနေကျအတိုင်း လမ်းကြားများ အားလုံးကို ပိတ်ပြီး ရဲအင်အား အလုံးအရင်းဖြင့် ချီတက် နှိပ်ကွပ်တော့သည်။

ပဋိပက္ခဖြစ်ပြီး နှစ်နာရီခန့် အကြာ ဝေဇယန္တာလမ်းကို လုံခြုံရေး ရဲများက ပိတ်ထားလိုက် တော့သည်။ မည်သည့်ယာဉ်မျှ သွား၍ မရတော့။ ည ၁၁ ခွဲအချိန် တွင်တော့ အားလုံး ငြိမ်သက်သွားခဲ့လေပြီ။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးကမူ "ဘောလုံးပွဲ ရှုံးခဲ့ပေမယ့် နိုင်ငံ့ ဂုဏ်သိက္ခာ မရှုံးဖို့ သတိရှိကြဖို့ လိုပါတယ်" ဟုသာ မှတ်ချက်ပေးသည်။

The Voice Weekly