Home » » စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ပုံစံပြောင်းမည်

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ပုံစံပြောင်းမည်

Written By Unknown on Monday, December 16, 2013 | 12:48 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများ ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ရမှတ်နှင့် စစ်ဆေးသော ပုံစံဖြင့် စစ်ဆေးနေရာမှ အဆင့် အမျိုးအစားအလိုက် ခွဲခြား အတန်းတင်ပေးမည့် စာမေးပွဲစနစ် (Level Test) သို့ ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာမေးပွဲစနစ် အပြောင်းအလဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသော အမှတ် ၄၀ ရပါက စာမေးပွဲ အောင်မြင်သည့် စနစ်မှ အဆင့်အလိုက် ခွဲခြား၍ အတန်းတင်ပေးသော စနစ်သို့ ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ Level A နှင့် Level B ကို အတန်းကူးပြောင်းနိုင်သော အဆင့် အဖြစ် သတ်မှတ်ထားပြီး Level C ကို လိုအပ်ချက်များ ပြန်လည် သင်ကြားပြီးမှ အတန်းတင်ပေးရန် သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကလေးတွေရဲ့ အရည်အချင်းကို အမှတ်နဲ့ ဖြတ်တဲ့အခါ အပြိုင်အဆိုင်တွေ များလာတယ်။ ပညာအတွက် ပြိုင်ကြတာ မဟုတ်ဘူး။ အမှတ်အတွက် ပြိုင်တာ” ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းစာမေးပွဲစနစ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ တရားဝင် ထုတ်ပြန်ချက် မရှိသေးကြောင်း အခြေခံပညာ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

အခြေခံပညာရေး စနစ်တွင် တတ်မြောက်မှု စစ်ဆေးရာ၌ ရမှတ်ကိုသာ အဓိက ထားသောကြောင့် ပညာရေးစနစ် တဖြည်းဖြည်း အားနည်းခဲ့ရကြောင်း၊ ယင်းအပြင် တက္ကသိုလ် ဝင်ခွင့်တွင်လည်း ရမှတ်နှင့် ဆုံးဖြတ်သည့်အတွက် ဝါသနာနှင့် ကိုက်ညီမှု မရှိသော ပညာရေးကိုသာ သင်ကြားနေရကြောင်း ပညာရေး လေ့လာ သုံးသပ်သူများက ထောက်ပြ ဝေဖန်ကြသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ်များ ပြောင်းလဲမည့် အစီအစဉ်ကို ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ် (CESR) နှင့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အကြံပြု ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို မြို့နယ်အဆင့် စာမေးပွဲစနစ်မှ ကျောင်းအဆင့် စာမေးပွဲစနစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု Level Test အဖြစ် ပြောင်းလဲရန် စီစဉ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲစနစ် အပြောင်းအလဲနှင့် ပတ်သက်ပြီး လွန်ခဲ့သော အောက်တိုဘာ လကုန်က ကျင်းပသည့် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ယင်းစာမေးပွဲများကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့် ကျင်းပသွားရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြသော်လည်း ယင်းစနစ်အစား Level Up စနစ်ကို ပြောင်းလဲရန် ဆွေးနွေးနေခြင်း ဖြစ်သည်။

The Voice Weekly