၂၀၀၈ အခြေခံဥပဒေအရ ဖွဲ့စည်းထားသော လွှတ်တော်များ အသက်ဝင်လာသည်မှာ သုံးနှစ်နီးပါးခန့်ရှိလာပြီဖြစ်သည်။ ပြည်ထောင်စုအဆင့်လွှတ်တော်များဖြစ်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် စသည့်လွှတ်တော်သုံးရပ်၏ လုပ်ဆောင်ချက်များသည် ပြည်ထောင်စုအစိုးရအဖွဲ့ကို ကောင်းစွာစောင့်ကြည့်ထိန်းညှိပြီး အပြန်အလှန်ထိန်းကျောင်းကာ (Checkand Balance) ၊ ဥပဒေပြုတာဝန်များကို သက်တမ်းနှင့်စာလျှင် တာဝန်ကျေအောင် ဆောင်ရွက်လာနိုင်သည်။
ပြည်ထောင်စုအဆင့်လွှတ်တော်များက ထိုကဲ့သို့ဆောင်ရွက်နိုင်သော်လည်း သီးခြားလွတ်လပ်ခွင့်ဖြင့် တည်ရှိနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကမူ သက်ဆိုင်ရာအစိုးရအဖွဲ့ကို ကောင်းစွာစောင့်ကြည့်ထိန်းညှိခြင်းမလုပ်နိုင်သေးဘဲ ဥပဒေပြုမှုများကိုလည်း အခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အရေးကိုပင် ကောင်းစွာအသုံးချနိုင်ခြင်း မရှိသေးကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် လွှတ်တော်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကသုံးသပ်ဝေဖန်ကြသည်။
“ပြည်နယ်၊ လွှတ်တော်တွေ အားနည်းတယ်လို့ ပြောနေရတာ အဓိကကတော့ ၀န်ကြီးချုပ်တွေဟာ လွှတ်တော်ဥက္ကဋ္ဌတွေထက် ရာထူးကြီးနေတာဗျ။ ဆိုလိုတာက သူတို့တွေက စစ်တပ်ကလာတဲ့သူတွေဆိုတော့ ၀န်ကြီးချုပ်ကို လွှတ်တော်ဥက္ကဋ္ဌတွေက မလွှမ်းမိုးနိုင်တဲ့သဘောဖြစ်နေတယ်”ဟု အမျိုးသားဒီမိုကရစီပါတီသစ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ကပြောသည်။
ယခင်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ အများအပြားအား ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်စေခဲ့ပြီးနောက် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များ၏ ၀န်ကြီးချုပ်များအဖြစ် တာဝန်ပေးခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအများစုမှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများပါဝင်ပြီး တပ်မတော်၏ အစဉ်အလာအရ ရာထူးကြီးသူများကို ရာထူးငယ်သူများက ထောက်ပြဝေဖန်ရန် နောက်တွန့်ကြောက်ရွံ့နေသည်ဟု ထင်မြင်ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့ကသုံးသပ်သည်။
“အရင်က စစ်တပ်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးတာဝန် ထမ်းဆောင်ခဲ့သူ တော်တော်များများက ၀န်ကြီးချုပ်တွေ ဖြစ်နေကြတယ်။ စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေးပေါ့။ တခြားတိုင်းတွေကျတော့လည်း ၀န်ကြီးဟောင်းတွေ။ သူတို့နဲ့ သက်ဆိုင်ရာလွှတ်တော်တွေရဲ့ဥက္ကဋ္ဌတွေကလည်း တပ်ဘက်ကပဲများတယ်။ ၀န်ကြီးချုပ်တွေထက် ရာထူးနိမ့်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ရတော့ စစ်တပ်အမူအကျင့်တွေအရ ပြန်မလှန်ရဲတဲ့သဘောပေါ့ဗျာ”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ဆောင်ချက်များမှာ အရေအတွက်သာရှိပြီး ထိရောက်မှုအားနည်းနေသဖြင့် လွှတ်တော်လုပ်ငန်းများအပေါ် အားရကျေနပ်မှုမရှိသေးကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုသည်။
လုပ်ဆောင်ချက်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများ ကျင်းပမှုမှာပင် ယခုသုံးနှစ်အတွင်း နည်းပါးလှသည်။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှာ အများဆုံးအဖြစ် ကိုးကြိမ်အစည်းအဝေးခေါ်ပြီး ရှမ်းတွင်ခြောက်ကြိမ်သာခေါ်ခဲ့ပြီး အနည်းဆုံးဖြစ်သည်။ (ကျန်လွှတ်တော်များအစည်းအဝေး ခေါ်ယူမှုဇယားတွင် ကြည့်ရန်)
“လွှတ်တော်ကျင်းပတာနဲ့ပတ်သက်ပြီး ကျေနပ်အားရတဲ့အဆင့်တော့ မရှိသေးပါဘူး။ ပြည်နယ်လွှတ်တော်အနေနဲ့လည်း တွေ့ဆုံခေါ်ယူမှု တော်တော်နည်းတယ်။ အရေးကြီးကိစ္စဖြစ်မှပဲ တွေ့နေရတယ်။ အဆိုတစ်ခုတင်လာရင်လည်း အဲဒီအပေါ်မှာ ကျေကျေလည်လည် အားရကျေနပ်အောင် ဆွေးနွေးနိုင်တဲ့အဆင့် မရှိသေးဘူး”ဟု ရှမ်းပြည်နယ်လွှတ်တော်မှ ပင်လောင်းမဲဆန္ဒနယ် အမှတ်(၂)ကိုယ်စားလှယ် ဦးခွန်အောင်နိုင်ဦးကပြောသည်။
ဒီမိုကရေစီကျင့်သုံးသော နိုင်ငံများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို သီးခြားစီခွဲခြားကျင့်သုံးကြပြီး အပြန်အလှန်စောင့်ကြည့်ထိန်းညှိခြင်းကို လုပ်ဆောင်ကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးသော နိုင်ငံများတွင်လည်း ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ဥပဒေပြုလွှတ်တော်များသို့ တိကျစွာခွဲဝေပေးထားသည်။
မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြည်နယ်တိုင်းဒေသကြီးများကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကိစ္စရပ်များအတွက် သီးခြားလုပ်ပိုင်ခွင့်ပေးထားပြီး သက်ဆိုင်ရာလွှတ်တော်များမှ အစိုးရအဖွဲ့များကို စောင့်ကြည့်ထိန်းညှိခြင်း လုပ်ဆောင်နိုင်မှသာ အောက်ခြေသို့ ပွင့်လင်းမြင်သာသည့် ဆောင်ရွက်ချက်များ ရောက်ရှိနိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ လွှတ်တော်အနေနဲ့ အစိုးရကို ထိန်းကျောင်းနိုင်ဖို့နေနေသာသာ တင်ထားတဲ့မေးခွန်းတွေကိုတောင် ပြီးပြတ်အောင် အစိုးရကဖြေမပေးသေးဘူး။ လာဖြေတော့လည်း ဝေ့လည်ကြောင်ပတ်တွေပြောနေတယ်။ လွှတ်တော်က သဘောတူချမှတ်လိုက်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်တာ အရမ်းအားနည်းပါတယ်။ ဒါဟာ ထိန်းကျောင်းမှုမရှိလို့ ဒီလိုဖြစ်နေတာပါ။ အခုဆို အစိုးရအဖွဲ့က လွှတ်တော်ကို ဂရုမစိုက်ချင်သလိုတောင်ဖြစ်နေပြီ”ဟု ဦးကျော်ကလည်းဆိုသည်။
သက်ဆိုင်ရာအစိုးရအဖွဲ့များကို အပြန်အလှန်ထိန်းကျောင်းနိုင်ရန်အတွက် လွှတ်တော်များကိုကိုင်တွယ်သော ဥက္ကဋ္ဌများ၏ ရဲဝံ့မှု၊ ဥပဒေပိုင်းဆိုင်ရာပိုင်နိုင်မှုနှင့် အကြောက်တရားကင်းစင်မှုတို့အပေါ်တွင် မူတည်နေသည်။
သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများ၏ အရည်အသွေးပိုင်းနှင့်ပတ်သက်၍ “အစိုးရကို ပြန်ပြီးထောက်ပြပြောဆိုဖို့ဆိုတာ လွှတ်တော်ဥက္ကဋ္ဌတွေအပေါ် အများကြီးမူတည်တယ်။ အခုပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာဆိုလည်း ဥက္ကဋ္ဌတွေက အရည်အသွေးပြည့်တော့ အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းညှိနိုင်တယ်။ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာဆို ဧရာဝတီတိုင်းလွှတ်တော်က အားအကောင်းဆုံးဖြစ်ခဲ့တယ်။ အခုဥက္ကဋ္ဌပြောင်းသွားတော့ သူလည်း တခြားလွှတ်တော်တွေလို ငြိမ်သွားတာပါပဲ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ၏အမြင်ကိုပြောသည်။
သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်မှု ဖြစ်စေရေး ဆောင်ရွက်မည်ဆိုသော ပြောဆိုချက်နှင့်အတူ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသော ဦးသိန်းစိန်အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် အောက်ခြေရှိ ၀န်ထမ်းအချို့လိုက်ပါခြင်းမရှိသဖြင့် ထိရောက်သော ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ခြင်းမရှိပေ။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောက်ခြေအထိ ထိရောက်စွာ ဆောင်ရွက်နိုင်မှုမရှိသည့် အကြောင်းရင်းများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက သက်ဆိုင်ရာအစိုးရအဖွဲ့အား အပြန်အလှန်ထိန်းကျောင်းမပေးနိုင်သည့်ကိစ္စလည်း တစ်ခုအပါအ၀င်ဖြစ်ကြောင်း ကိုယ်စားလှယ်အချို့ကသုံးသပ်ကြသည်။
“လွှတ်တော်ကသာ အစိုးရအဖွဲ့ကို ကောင်းကောင်းထိန်းကျောင်းမှုမလုပ်နိုင်ရန် အောက်ခြေမှာရှိတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အများကြီးထိခိုက်နိုင်တယ်။ လွှတ်တော်ထဲမှာ အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးပါမယ့်လို့ ကတိပေးထားတဲ့ကိစ္စကို လက်တွေ့လုပ်ပေးခြင်းမရှိဘူး။ အဲဒီတော့ လွှတ်တော်လည်း သိက္ခာကျတယ်။ လွှတ်တော်ကို ထွေ/အုပ်ကအစ မလေးစားဘူး။ သူတို့စိတ်ထဲမှာ လွှတ်တော်က သူတို့ထက်နိမ့်တယ်လို့ ယူဆတဲ့သဘောဖြစ်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကပြောသည်။
အစိုးရအဖွဲ့ကို လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းနိုင်ရန်အတွက် လွှတ်တော်တွင်း ဖွဲ့စည်းထားသောကော်မတီများမှာ အရေးပါပြီး လိုအပ်သည့်ကော်မတီများကို ဖွဲ့စည်းရန်လိုသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် တစ်နိုင်ငံလုံးလွှတ်တော်များအနက် ကော်မတီအနည်းဆုံးလွှတ်တော်ဖြစ်နေကြောင်း ဒေါက်တာညိုညိုသင်းကဆိုသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအား ဥပဒေပြုခွင့်ပေးထားသည့် အခြေခံဥပဒေ ဇယား ၂ ပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာလွှတ်တော်များအနေဖြင့် အပြည့်အ၀အသုံးချနိုင်ခြင်း မရှိသေးဘဲ တည်ဆဲဥပဒေများနှင့် ငြိစွန်းနေသဖြင့် အခက်အခဲများလည်းရှိနေသည်။
“ဇယား ၂ မှာပါတဲ့ ကိစ္စရပ်တွေကို ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။ ပြည်ထောင်စုအစိုးရကို ကြောက်နေရတဲ့သဘော တွေ့နေရတယ်”ဟု ဒေါက်တာညိုညိုသင်းကပြောသည်။
အခြေခံဥပဒေဇယား၂ တွင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များ၏ ဥပဒေပြုခွင့်ရှိသည့် ကိစ္စရပ်များကို ပြဋ္ဌာန်းထားပြီး ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ သဘာဝသယံဇာတတွင်းထွက်များ တူးဖော်ရေး၊ စီမံကိန်းကြီးများ ပြုလုပ်ခြင်းလုပ်ငန်းများမှအပ အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အခြေခံဥပဒေပါ အခွင့်အရေးအရ အတိုင်းအတာတစ်ရပ်အထိ လွတ်လပ်စွာလုပ်ဆောင်နိုင်ခွင့် ရှိသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ သြဇာခံသဖွယ် ဆောင်ရွက်နေခြင်းသည် ယခင်စနစ်ဟောင်းတွင် ကျင့်သုံးခဲ့သည့်ပုံစံမျိုးဖြစ်နေသည်ကို တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအတွင်းရှိ ၀န်ကြီးများမှာလည်း လုပ်ပိုင်ခွင့်မည်မည်ရရမရှိဘဲ အချို့ဒေသများတွင် ၀န်ကြီးချုပ်များက ၀င်ရောက်စွက်ဖက်မှုများ လုပ်ဆောင်နေသည့် ဖြစ်စဉ်များရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းပေးရန် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြည်သူ့လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်လုပ်ပိုင်ခွင့်တချို့ကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက လွှမ်းမိုးစွက်ဖက်နေတာ တွေ့နေရပါတယ်။ အောက်ခြေက မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းအဆင့်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက ၀န်ကြီးတွေကမခန့်အပ်ရဘဲ ပြည်ထောင်စုတိုက်ရိုက်ခန့်အပ်နေတာတွေဟာ မဖြစ်သင့်ဘူး။ ၀န်ကြီးချုပ်တချို့ကလည်း ၀န်ကြီးတွေရဲ့လုပ်ပိုင်ခွင့်တာဝန်ကို လွှမ်းမိုးချုပ်ကိုင်နေတာလည်းရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဆောင်ရွက်မှုအပေါ် ဦးကျော်ကသုံးသပ်ရာတွင် “၀န်ကြီးချုပ်က အရင်တုန်းက ရာထူးကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တော့ အဲဒီအရှိန်အ၀ါတွေကို ခုချိန်ထိ သုံးနေတုန်းပဲ။ ၀န်ကြီးတွေက ရုပ်သေးလိုဖြစ်နေတယ်။ ကြိုးဆွဲက ဘယ်သူလဲဆိုတာ စဉ်းစားကြည့်ပေါ့”ဟု ဆိုသည်။
ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်သည့်စနစ်ကို တိုင်းရင်းသားများ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ကြိုက်နှစ်သက်ခြင်းမရှိဘဲ လူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော်များမှတစ်ဆင့် တင်မြှောက်ခြင်းကိုသာ လိုလားကြသည်။
တိုင်းဒေသကြီးနှင့် လွှတ်တော်များ၌ ပြဋ္ဌာန်းအတည်ပြုလိုက်သောဥပဒေများကို သက်ဆိုင်ရာအစိုးရအဖွဲ့များက လိုက်နာခြင်းအားနည်းပြီး လွှတ်တော်အတွင်းပေးအပ်ခဲ့သော ကတိများကို ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမှုမရှိသလောက်နည်းပါးသည်။ ထိုကြောင့် လွှတ်တော်အပေါ် အစိုးရအဖွဲ့က လွှမ်းမိုးနေသကဲ့သို့ ဖြစ်နေကြောင်း တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။
တိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို အခမဲ့စောင့်ရှောက်မှုပေးရန်နှင့် ဆင်းရဲနွမ်းပါးသောကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကလေးသူငယ်များအား အာဟာရတိုက်ကျွေးရေးအဆိုများအား သက်ဆိုင်ရာဝန်ကြီးများကန့်ကွက်သဖြင့် အဆိုများရှုံးနိမ်ခဲ့ရကြောင်း ဒေါက်တာညိုညိုသင်းကပြောသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်မှ ငွေစက္ကူများတွင် အမျိုးသားခေါင်းဆောင်ကြီး၏ပုံကို ထည့်သွင်းရိုက်နှိပ်ရန်အဆိုမှာလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရဘက်မှ လာရောက်ဖြေရှင်းပြီး ရှုံးနိမ်ခဲ့သည်။
“ဒီလိုတွေဖြစ်နေတယ်ဆိုတာ အဓိကက အခြေခံဥပဒေအားနည်းမှုပေါ့။ အခြေခံဥပဒေကိုပြင်မှ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်တွေ၊ အာဏာခွဲဝေမှုတွေကို သေချာပြန်လုပ်နိုင်မှာ”ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက သူ၏အမြင်ကိုပြောသည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အောက်ခြေတွင်ထိရောက်ရန်နှင့် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား စောင့်ကြည့်ထိန်းညှိမှုများ ပြုလုပ်နိုင်ရေးနှင့် လွှတ်တော်လုပ်ငန်းများ ပီပြင်စေရေးတို့အတွက် လွှတ်တော်ဥက္ကဋ္ဌများ အရည်အချင်းပြည့်ဝရန်လိုသကဲ့သို့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်များနှင့် အစိုးရအဖွဲ့များအား လုပ်ပိုင်ခွင့်နှင့် ဥပဒေပြုခွင့်များ ပိုမိုတိုးမြှင့်ပေးရန်လိုကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သုံးသပ်သည်။
“ဥပဒေပြုခွင့်၊ ပြဋ္ဌာန်းခွင့်တွေကို ပိုပေးရမယ်။ အစိုးရအဖွဲ့ ရွေးချယ်ဖွဲ့စည်းခွင့်တွေကို ပြည်နယ်လွှတ်တော်ကို ပေးသင့်တယ်”ဟု သူရဦးအောင်ကိုက သဘောထားမှတ်ချက်ပြုသည်။
လွှတ်တော်က အစိုးရအဖွဲ့ကို ထိန်းချုပ်ထားဖို့ဆိုတာထက် အမတ်တွေတော်တော်များများက အစိုးရအဖွဲ့ဝင်ဖြစ်နေကြတယ်။ ဒါဟာ အားနည်းချက်တစ်ခုပါပဲ။ အမတ်များတဲ့ လွှတ်တော်တွေ ပိုအဆင်ပြေလိမ့်မယ်။ လုံးဝထိန်းချုပ်ထားနိုင်တယ်လို့တော့ မဆိုချင်ဘူး”ဟု တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အမတ်ဦးစိုးထွေးကပြောသည်။
ရေးသားသူ- သတင်းအဖွဲ့ ။ 7Day News Journal