Home » » မော်ကွန်းဝင် ပထမအဆင့်၏ ဇနီးဟု ဆိုသူကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ

မော်ကွန်းဝင် ပထမအဆင့်၏ ဇနီးဟု ဆိုသူကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ

Written By Unknown on Friday, December 6, 2013 | 11:52 AM

ရန်ကုန်၊ ဒီဇင်ဘာ ၅

လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရှိ တပ်ကြပ်ကလေး မောင်တင် (တပ်မတော် မှတ်ပုံတင်အမှတ်- ၀၉၀၃၇) ၏ ဇနီးဟုဆိုကာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်တင်ရီကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲစခန်းက တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အသက် ၇၂ နှစ် ရှိပြီဖြစ်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် တပ်ကြပ် မောင်တင်၏ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် နေထိုင်စရာ အိမ်ရာမရှိသဖြင့် အစိုးရထံ အကူအညီ တောင်းလိုသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကာယကံရှင် ဒေါ်တင်ရီက ပြောဆိုသည်။

ဒေါ်တင်ရီသည် တပ်ကြပ်မောင်တင် ဆုံးပါးသွားသည့် နောက်ပိုင်း နေစရာအိမ် မရှိသဖြင့် တောင်ဥက္ကလာပ မြို့နယ်ရှိ ဓမ္မာရုံ တစ်ခုတွင် နေထိုင်နေရကြောင်း၊ ယခုလပိုင်း အတွင်းတွင် အဆိုပါ ဓမ္မာရုံက လက်ခံခြင်း မရှိတော့သောကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဒေါ်တင်ရီက ဆိုသည်။
“စည်ပင်ကို လေးငါးခါ အကူအညီ တောင်းဖူးတယ်။ တစ်ခါမှ မရဘူး” ဟု ဒေါ်တင်ရီက ဆိုသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မော်ကွန်းဝင် ပထမ၊ ဒုတိယ၊ တတိယအဆင့် စုစုပေါင်း ၁၈,၈၂၆ ဦး ရှိပြီး ဆင်းဆင်းရဲရဲဖြင့် နေထိုင်နေရသူများ ရှိသောကြောင့် အစိုးရအနေနှင့် လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်များကို တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ဇူလိုင်လ အတွင်း ကျင်းပသော လွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက မေးမြန်းခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ချီးမြှင့်ရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

The Voice Weekly