Home » » နိုင်ငံရေးအမြတ်ရဖို့ ဘာသာရေးကို အသုံးမချသင့်လို့ပြော

နိုင်ငံရေးအမြတ်ရဖို့ ဘာသာရေးကို အသုံးမချသင့်လို့ပြော

Written By Unknown on Monday, December 9, 2013 | 5:59 AM

နိုင်ငံရေး အကျိုးအမြတ်ရရှိဖို့အတွက် ဘာသာရေးကို အသုံးမချသင့်ဘူး၊ အလွဲသုံးစား မလုပ်သင့်ဘူးလို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဒီနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ကြပါတယ်။

နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာ၊ သာသနာကို အလွဲသုံးစားမလုပ်ရဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်အတိုင်း လိုက်နာဖို့ ဆွေးနွေးကြတယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ပါမောက္ခဒေါက်တာ စောလှိုင်ဘွားက ရန်ကုန်မြို့၊ Park Royal Hotel က ဆွေးနွေးပွဲအပြီး အခုလိုပြောပါတယ်။

“တစ်ဘာသာနဲ့ တစ်ဘာသာ မယုံသင်္ကာဖြစ်ပြီးတော့မှ နားလည်မှုတွေ လွဲမှားအောင် သွေးထိုးလှုံ့ဆော်မှုတွေ၊ တစ်ယောက်နဲ့ တစ်ယောက်မုန်းတီးအောင် ဘာသာရေးကို အခြေခံပြီးတော့ လုပ်တာတွေရှိတယ်ပေါ့နော်၊ ၂ဝဝ၈ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန် အပိုဒ်(၃၆၄)မှာ ပါတဲ့ကိစ္စတွေကို ဒီမှာပြန်ပြီးတော့မှ သတိပေးတာပဲဖြစ်ပါတယ်၊ အဲဒီမှာက နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရဆိုပြီးတော့မှ အဲလိုရေးထားတာဖြစ်ပါတယ်”

ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးမဟာမိတ်အဖွဲ့၊ မဇ္ဈိမလူငယ်ကွန်ရက်၊ သစ္စာကွန်ရက်၊ လူသားချင်း စာနာထောက်ထားမှုနဲ့ ငြိမ်းချမ်းရေးကွန်ရက်စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၂ ဖွဲ့တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

ဘာသာရေးဆန်ဆန် ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် အောက်ခြေမြို့ရွာတွေအထိ သွားရောက်ဆွေးနွေးဖို့ လိုအပ်တာကြောင့် အလားတူဆွေးနွေးပွဲတွေကို မန္တလေး၊ တောင်ကြီး၊ ပဲခူးနဲ့ မော်လမြိုင်တို့မှာပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

RFA Burmese