Home » » မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး

မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး

Written By Unknown on Saturday, December 21, 2013 | 3:50 PM

မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၇ရက် နံနက်က မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းနံဘေးတွင် စိတ်ကြွဆေးပြားများနှင့်အတူ  အမျိုးသားနှစ်ဦးကို မြ၀တီမြို့၊ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ၀န်ခံချက်အရ မြ၀တီမြို့၊ ရပ်ကွက်(၅)တွင် ကျောင်းဆောက်၍ တစ်ပါးတည်းသီတင်းသုံးနေသည့် ဦးပဉ္ဇင်း ဦးပညာဆိုသူကို ထပ်မံဖမ်းဆီး၍ လူဝတ်လဲ အရေးယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။
““ဒီဦးပဉ္ဇင်းက ကျောင်းမှာ တစ်ပါးတည်းနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်နေတာ။ ရဲတပ်ဖွဲ့က အခုလိုအရေးယူသွားတာကို ဒေသခံတွေအနေနဲ့ ကျေးဇူးတင်ပါတယ်””ဟု ရပ်ကွက်(၅) တွင်နေထိုင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခဲ့သော မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းမှာ ကျပ်သိန်းကိုးဆယ်ကျော်ဖိုးရှိပြီး အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူသုံးဦးကို မြ၀တီမြို့မရဲစခန်း၌ ထိန်းသိမ်းထားကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၁ဖြင့်   အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day Daily