Home » » မြန်မာအမျိုးသမီးအသင်း ထိုင်းအမျိုးသမီး အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်

မြန်မာအမျိုးသမီးအသင်း ထိုင်းအမျိုးသမီး အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်

Written By Unknown on Thursday, December 19, 2013 | 12:42 PM

မန္တလေး၊ ဒီဇင်ဘာ ၁၈

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ မန္တလာသီရိ အားကစားကွင်းတွင် ပြုလုပ်သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းမှာ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်အထိ ဇွဲမလျှော့ဘဲ ကြိုးစား နိုင်ခဲ့သော်လည်း ထိုင်းအမျိုးသမီး ဘောလုံးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ်ခဲ့သည်။

ပထမပိုင်းပွဲစပြီး ၁၂ မိနစ်တွင် မြန်မာ အမျိုးသမီးအသင်းက ပထမဆုံးဂိုးကို သွင်းယူသော်လည်း ကွင်းလယ်ဒိုင်က လူကျွံဘော ဖြစ်နေသည်ဟုဆိုကာ ဂိုးမပေးခဲ့ပေ။ ပထမပိုင်း ပွဲကစားချိန် မိနစ်၂၀ ခန့်တွင် ထိုင်းအသင်း ကစားသမားများက လူကျွံ အနေအထားမှ ဂိုးစတင် ရရှိခဲ့သော်လည်း ပွဲပြီးဆုံးရန် တစ်မိနစ် အလိုတွင် မြန်မာအသင်းက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သဖြင့် အချိန်ပို ထပ်မံကစားခဲ့ရသည်။

ပထမပိုင်း အချိန်ပိုတွင် ထိုင်းအမျိုးသမီး အသင်းက ဂိုးစတင် သွင်းယူနိုင်ခဲ့သော်လည်း အချိန်ပို ပြည့်ရန် ၄ မိနစ်အလိုတွင် မြန်မာအသင်း ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ရာ ပရိသတ်များ ရင်ခုန်စွာဖြင့် အားပေးခဲ့ကြသည်။

အချိန်ပို ပြီးဆုံးချိန်ထိ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့၍ ပင်နယ်တီ ကန်သွင်းကြရာ မြန်မာဂိုးသမားက ထိုင်းဘက်မှ သွင်းယူသော ပင်နယ်တီကို ပုတ်ထုတ်နိုင်ခဲ့သဖြင့် မြန်မာအသင်းအတွက် ဗိုလ်လုပွဲ တက်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း စန်းစန်းမော် ကန်သွင်းသည့် ဘောလုံးမှာ တိုင်ထိပြီး အပြင်ကို ပြန်ထွက်လာခဲ့သဖြင့် နောက်ထပ် ၅ ဂိုး ဆက်လက် ကန်သွင်းခဲ့ရာတွင် ထိုင်းအသင်းက ၅ ဂိုးစလုံးဝင်သွား ခဲ့သော်လည်း မြန်မာအသင်းကမူ နောက်ဆုံး ၅ လုံးမြောက် ကန်သွင်းရာတွင် ထိုင်းဂိုး သမား ကာကွယ်နိုင်ခဲ့၍ မြန်မာအသင်းမှာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။

ပင်နယ်တီ အဆုံးအဖြတ်ဖြင့် လွဲချော် ခဲ့ရသော်လည်း လက်ရှိချန်ပီယံ ထိုင်း အမျိုးသမီးအသင်းကို နောက်ဆုံးမိနစ် နောက်ဆုံး စက္ကန့်အထိ ဇွဲမလျှော့ဘဲ မြန်မာ အားကစား ပရိသတ်များအတွက် သန့်ရှင်းစွာ ကြိုးစားခဲ့သော မြန်မာ အမျိုးသမီး အသင်းအဖြစ် အင်တာနက် လူမှုစာမျက်နှာများတွင် ဂုဏ်ယူစွာ ရေးသား ဖော်ပြခဲ့ကြပြီး အမျိုးသမီး အသင်း၏ စိတ်ဓာတ်မျိုး အမျိုးသားအသင်းမှာ မရှိကြောင်း အားကစားသတင်း ရယူ ရေးသားနေသူများနှင့် ဘောလုံး ဝါသနာရှင်များက ပြောကြားကြသည်။

The Voice Weekly