Home » » ကလေးခရိုင် အုပ်ချုပ်ရေးမှူးကို ဒေသခံ အဖွဲ့အစည်းများ ကန့်ကွက်

ကလေးခရိုင် အုပ်ချုပ်ရေးမှူးကို ဒေသခံ အဖွဲ့အစည်းများ ကန့်ကွက်

Written By Unknown on Saturday, December 28, 2013 | 2:48 PM

ကလေး၊ ဒီဇင်ဘာ ၂၇

မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်နေသော မြေကျူးကျော်မှုနှင့် ပတ်သက်၍ ဒေသခံ အဖွဲ့အစည်းများက ဒီဇင်ဘာလ ၂၂ ရက်နေ့က ကလေးမြို့သို့ ရောက်ရှိခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကို တွေ့ဆုံခွင့် မပေးခဲ့သည့် ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးကို ကန့်ကွက် ရှုတ်ချကြောင်း ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားသည်။
“ကျွန်တော်တို့ အကြိမ်ကြိမ် တွေ့ဆုံခွင့် တောင်းပါလျက်နဲ့ သံအမတ်က မတွေ့ချင်ဘူးဆိုတဲ့ စကားနဲ့ ငြင်းပယ်ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံခွင့် တောင်းတာကို သံအမတ်က သိချင်မှသိမယ်။ သိအောင် ပြောတယ်၊ မပြောဘူးဆိုတာ ကျွန်တော်တို့ မသိရဘူး။ ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ခရိုင်အုပ်ချုပ်ရေးမှူးကို ကန့်ကွက် ရှုတ်ချပါတယ်” ဟု အထက်ချင်းတွင်း ဒေသခံ လူငယ်များ ကွန်ရက်မှ ဦးကျော်သက်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်သော မြန်မာ-အိန္ဒိယ နယ်စပ်မြေ ကျူးကျော်ခံနေမှုအား ရပ်တန့်ပေးရန်အတွက် ဒေသခံ အဖွဲ့အစည်းများမှ ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲတွင် ထိုကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲတွင် အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်၊ တမူးလူငယ် ကွန်ရက်နှင့် ဒေသခံများ ၂၀၀ ကျော် ပါဝင်ခဲ့သည်။
“သံအမတ်ကမှ မတွေ့ချင်တာ၊ ကျွန်တော် ဘာတတ်နိုင်မလဲ” ဟု ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမောင်တူးက The Voice သို့ ပြောကြားသည်။

မြန်မာ-အိန္ဒိယနယ်စပ်တွင် ဖြစ်ပေါ်နေသော ကိစ္စနှင့် ပတ်သက်၍ သံတမန်နည်းနှင့် ဖြေရှင်းရန်ရှိ၊ မရှိ။ အငြင်းပွား နယ်စပ်တွင် အဆောက်အအုံ ဆောက်လုပ်ရန်ကိစ္စအား သံရုံးမှ မည်သည့်အပိုင်းမှ လုပ် ဆောင်ပေးနေခြင်း၊ BP 77-78 ကြားတွင် (Integrated Check Post – ICP) ရုံး တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ နယ်စပ်တွင် အိန္ဒိယ စစ်အင်အား တိုးချဲ့နေခြင်းနှင့် ပတ်သက်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုအပေါ် ဖြေရှင်းပေးရန်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တမူး၊ ကလေး၊ မင်းကင်းဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ သံရုံးမှ အမြင်တို့အား သိရှိလိုကြောင်း တင်ပြလို၍ သံအမတ်နှင့် တွေ့ဆုံလိုခြင်း ဖြစ်ကြောင်း အဆိုပါ အရပ်ဘက် လူမှု အဖွဲ့အစည်းများထံမှ သိရသည်။

မြတ် (ကလေး)

The Voice Weekly