Home » » နောက်ဆုံး ဖယ်ရှားပေးရန် သတ်မှတ်သည့် အချိန်စေ့ မိကျောင်းကန် သပိတ်စခန်း တောင်းဆိုမှုများ အရှိန်မြှင့်

နောက်ဆုံး ဖယ်ရှားပေးရန် သတ်မှတ်သည့် အချိန်စေ့ မိကျောင်းကန် သပိတ်စခန်း တောင်းဆိုမှုများ အရှိန်မြှင့်

Written By Unknown on Tuesday, December 10, 2013 | 12:38 PM

ရန်ကုန်၊ ဒီဇင်ဘာ-၉

မိကျောင်းကန်သပိတ်စခန်းကို ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ အသိပေးထားသော်လည်းအဆိုပါ နေ့၌ပင် မိကျောင်းကန်သပိတ်စခန်းမှာ ကြေညာချက်များကပ်၍ တောင်းဆိုမှုများကို အရှိန်မြှင့်ခဲ့သည်။

" ဥပဒေကို လေးစားပါ၊ အဘိုးအဘွားတို့ရဲ့ မြေမတရားသိမ်းခံရမှု၊ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပါ။ အကြမ်းဖက်မှုတွေ မလုပ်ပါနဲ့တော့ သမ္မတကြီးရယ်" ဟု ရေးသားထားသော ဗီနိုင်းကို နံနက် ၁၀ နာရီခွဲတွင် တပ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းခန့်မှ စတင်ကာသပိတ်စခန်း ၏ တောင်းဆိုချက်များကို တောက်လျှောက် ကြွေးကြော်ခဲ့သည်။

မိကျောင်းကန်ပြည်သူများအား အကြမ်းဖက်သော လူတစ်စုနှင့် တပ်မြို့စည်ပင် ကို ဥပဒေအရ အမြန်ဆုံး အရေးယူပေးရန် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ သူရဦးရွှေမန်း နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေအရ ဆောင်ရွက်ပေးရေး ဗီနိုင်းကိုလည်း နေ့လယ်ပိုင်းတွင် သပိတ်စခန်း၌ ကပ်ခဲ့ကြသည်။

အခုချက်ချင်း မြေတွေပြန်ပေးဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ဘယ်အချိန်မှာ ဘယ်လောက်အတိုင်းအတာကပေးမယ်ဆိုတာ တိတိ ကျကျပဲ သိချင်တာပါ။ တိကျတဲ့ အဖြေမရရင်တော့သပိတ်စခန်းကိုသိမ်းမှာ မဟုတ်ပါဘူး " ဟု သပိတ်စခန်းမှ မနေနွယ်သန်းက ပြောသည်။

မိကျောင်းကန်သပိတ်စခန်းမှာ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ကျင်းပနေသော သုဝဏ္ဏကွင်းအနီးတွင် တည်ရှိသောကြောင့် အားကစားပြိုင်ပွဲသို့ သွားရောက် ကြသည့် လူများမှာ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး အနီးဝန်းကျင်မှ လူများ လည်း လာရောက်ကြည့်ရှုခဲ့ကြသည်။

သပိတ်စခန်း ၁၄ ရက်မြောက် နေ့ တွင် သပိတ်စခန်းမှ ပြည်သူများ၏ ကျန်း မာရေးကို စောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ထမ်းနှစ်ဦးကို နံနက် ၈ နာရီခွဲမှစတင်ကာ တာဝန်ချပေးခဲ့သည်။ ညနေ ၅ နာရီခွဲတွင် သင်္ဃန်းကျွန်း စံပြဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသနေသူများ သပိတ်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

သပိတ်စခန်းကို လုံခြုံရေးအရ ဆက်လက်ခွင့်မပြုနိုင်ကြောင်းနှင့် ဆန္ဒ ထုတ်ဖော်ခြင်းကိစ္စများကို ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီနောက်ဆုံးထား၍ ပြောင်းရွှေ့ဖယ်ရှားရပ်ဆိုင်ပေးရန်၊ ပြောင်းရွှေ့ဖယ်ရှားခြင်းမပြုပါက ဆန္ဒ ထုတ်ဖော်သူများအားလုံးကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဟု တပ်မြို့စည်ပင်သာယာ ရေးအဖွဲ့မှ ထုတ်ပြန်ချက်ကပ် သတိပေးထားသော်လည်း ဒီဇင်ဘာ ၉ ရက် ညဦးပိုင်း အထိ အစိုးရဘက်မှ လှုပ်ရှားမှု တစ်စုံတစ်ရာမရှိပေ။

သပိတ်စခန်း ပြောင်းရွှေ့ရန် နောက်ဆုံးရက် သတ်မှတ်ထားမှုကြောင့် ပြည်သူများစွာက စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း သပိတ်စခန်း၏ အခြေအနေကို သိရှိရန် တစ်ညလုံးစောင့်ကြည့်ပေးမည်ဟု ကတိပြု ပြောကြားခဲ့ပြီး ညဦးပိုင်းမှ စတင်ကာ သပိတ်စခန်းအနီးတွင်
စောင့်နေသည်။

နန္ဒ၊ ဇွန်သီတာ၊
စံတော်ချိန် နေ့စဉ်သတင်းစာ