Home » » တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး

တရုတ်နိုင်ငံအလံမီးရှို့ ဆန္ဒပြသူ ဒေါ်နော်အုန်းလှကို ထပ်မံဖမ်းဆီး

Written By Unknown on Sunday, December 8, 2013 | 7:33 AM

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်နော်အုန်းလှကို မနေ့ညက ဒဂုံမြို့နယ်ရဲစခန်းက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒဂုံမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုံးလှဟာ ကျန်းမာရေး မကောင်းဘူးလို့ ဒေါ်နော်အုန်းလှ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ဲပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(ခ)အရ ဒေါ်နော်အုန်းလှကို ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းက မနေ့ည ၁ဝ နာရီက စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် ဗဟိုလမ်းမှာရှိတဲ့ သူ့ရဲ့မိတ်ဆွေအိမ်ကို ရောက်ရှိနေတုန်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်၊ ဒေါ်နော်အုန်းလှကို အခု ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းမှာပါ၊ ဒေါ်နော်အုန်းလှက ကျန်းမာရေးမကောင်းဘူး”

ဒေါ်နော်အုန်းလှကို လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ ဒဂုံမြို့နယ်တရားရုံးမှာ အမှုစစ်ဆေးမယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ဒေါ်နော်အုန်းလှအပါအဝင် လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့ ကမ်းနားလမ်းကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးအထိ လမ်းလျှောက်ကြရာမှာ ရဲတပ်ဖွဲ့က သံရုံးအနီးမှာ တားဆီးခဲ့တဲ့အတွက် ဆန္ဒပြသူတွေဟာ သံရုံးအနီးမှာပဲ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ပုဒ်မ ၅၀၅ (ခ)နဲ့ ဒဂုံရဲစခန်းက ဖမ်းဆီးခဲ့ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

RFA Burmese