Home » » ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စုဝင်များ မြန်မာနိုင်ငံဘက် ကူးလာ

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စုဝင်များ မြန်မာနိုင်ငံဘက် ကူးလာ

Written By Unknown on Tuesday, December 24, 2013 | 4:05 AM

ရခိုင်ပြည်နယ် တဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေထိုင်တဲ့ ရခိုင်မျိုးနွယ်စုဝင် လူဦးရေ ၆၀ ကျော်လောက်ဟာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို မနေ့က ရောက်ရှိလာတယ်လို့ သိရပါတယ်။
အဲဒီ လူဦးရေ ၆၀ ကျော်အနက် အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၈ ဦးဟာ မနေ့က ကျောက်တော်မြို့ကို ရောက်ရှိလာကြပြီး ကျန် ၂၀ ကျော်က ပလက်ဝမြို့ပေါ်မှာ ယာယီတည်းခိုနေကြကြောင်းလည်း သိရပါတယ်။

ကျောက်တော်မြို့ကို ရောက်ရှိလာကြတဲ့သူတွေကို မြို့ပေါ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြို့မကျောင်းမှာ ခေတ္တနေရာချပေးထားပြီး မြို့နယ်အာဏာပိုင်တွေက မောင်တောမြို့နယ်ဘက်ကို ပို့ဆောင်ဖို့စီစဉ်နေကြောင်း ကျောက်တော်မြို့နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်လှမေက ပြောပါတယ်။

မနေ့က ရောက်ရှိလာကြတဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်င်ငံနဲ့ မြန်မာနယ်စပ်တလျှောက်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သူတွေဖြစ်ပြီး ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်လူမျိုးတွေ အများဆုံးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က အဲဒီလို ရောက်ရှိနေတာကို ပြည်နယ်အစိုးရအနေနဲ့ မသိရှိရသေးပေမယ့် တိုင်းရင်းသား ရခိုင်မျိုးနွယ်စုတွေ မှန်ကန်မယ်ဆိုရင် အစိုးရက သင့်တော်သလို နေရာချထားပေးမှာဖြစ်တယ်လို့ ပြောပါတယ်။

တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့ကြတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အခြေအနေ မငြိမ်သက်မှုတွေအပြင် ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီး သူတို့နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရန်ပြုခံရတာတွေကြောင့် ရခိုင်ပြည်နယ်ထဲကို ပြောင်းရွှေ့အခြေချလာကြတာဖြစ်ပါတယ်။

RFA Burmese