Home » » ရန်ကုန် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ပရိသတ် သောင်းချီ တက်ဟုဆို

ရန်ကုန် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ပရိသတ် သောင်းချီ တက်ဟုဆို

Written By Unknown on Monday, December 16, 2013 | 12:14 PM

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ရန်ကုန်မြို့တော်တွင် ပထမဆုံး အကြိမ်အဖြစ် (၃၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာ ပရိသတ်ပေါင်း တစ်သောင်းကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါက်တာစံလှကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ တိုင်းရင်းသား ကျေးရွာတွင် ကျင်းပသည့် ယင်းအခမ်းအနားတွင် ရခိုင်ရိုးရာ ကျင်ပွဲ အပါအဝင် အားကစားပွဲများ၊ ရခိုင်ရိုးရာ ပစ္စည်းများ၊ ရခိုင်သမိုင်း စာအုပ်များ ရောင်းချပွဲ၊ တေးဂီတ ဖျော်ဖြေပွဲများ၊ ရခိုင် ယဉ်ကျေးမှုပြခန်းများ ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ရခိုင်ရိုးရာ ကျင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၁၀၀ ကျော် ရှိပြီး ရခိုင်ပြည်နယ်မှ နာမည်ကျော် ကျင် အားကစားသမား များလည်း ပါဝင်ခဲ့ကြောင်း ဒေါက်တာစံလှကျော်က ထပ်မံ ပြောဆိုသည်။

အဆိုပါ အခမ်းအနားကို ရခိုင်ပြည်နယ်တွင်လည်း စစ်တွေမြို့ အပါအဝင် မြို့နယ်များတွင် ကျင်းပခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

နယ်စပ်ဒေသဖြစ်သည့် မောင်တောမြို့နယ် မြောက်ပိုင်း နံသာတောင် ကျေးရွာရှိ နံသာတောင် ပရဟိတ စာသင်တိုက်တွင်လည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ရာ နယ်ပယ် အသီးသီးမှ လူပေါင်း ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ကျောင်းအုပ် ဆရာတော် ဦးစရဏက မိန့်ကြားသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အာဏာရစဉ်က ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒီဇင်ဘာ ၁၅ ရက်နေ့ကို ရခိုင် ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

The Voice Weekly