Home » » နိုင်ငံတစ်ဝန်း မူလတန်း ကျောင်းတိုင်း ဆရာအနည်းဆုံး ငါးဦးခန့်မည်

နိုင်ငံတစ်ဝန်း မူလတန်း ကျောင်းတိုင်း ဆရာအနည်းဆုံး ငါးဦးခန့်မည်

Written By Unknown on Sunday, December 8, 2013 | 4:35 AM

ရန်ကုန်၊ ဒီဇင်ဘာ ၆

အခြေခံပညာ ကဏ္ဍတွင် ကျောင်းသား ဦးရေအလိုက် ဆရာ၊ ဆရာမ ခန့်ထားသော စနစ်ကျင့်သုံးခဲ့ရာက ကျောင်းသားနှင့် ဆရာအချိုးမမျှဘဲ ဆရာ လိုအပ်ချက်ရှိသော မူလတန်း ကျောင်းများအတွက် ယခုနှစ်မှ စတင်ပြီး ကျောင်းတစ်ကျောင်းလျှင် ဆရာဦးရေ ငါးဦးအထိ တိုးခန့်ထားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

မူလတန်း အဆင့်ရှိ တန်းခွဲအလိုက် ဆရာခန့်ထားသော စနစ်ကို ပြောင်းလဲ ခဲ့သောကြောင့် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဆရာငါးယောက်ရှိတဲ့ ကျောင်းတွေလည်း ရှိမယ်၊ မရှိတဲ့ ကျောင်းတွေလည်း ကျန်သေးတယ်။ ဒါတွေ မပြည့်ပြည့်အောင် ဖြည့်သွားမယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာ စန်းလွင်က ပြောဆိုသည်။

ယခုနှစ် သြဂုတ်လခန့်တွင် ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသခံ နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၅၃၅ ဦးကို ပထမဆုံးအကြိမ် ခန့်ထားခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“နောက်နှစ်တွေမှာလည်း ဒီလိုထပ် တိုးခန့်သွားဖို့ ရှိတယ်” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ဆရာ၊ ဆရာမများ၏ လူမှုစီးပွားရေးကို ပံ့ပိုးပေးရန် ပညာရေး စနစ်ပြောင်းလဲရေးတွင် ဆရာ၊ ဆရာမ များ၏ကဏ္ဍမှာ အထူးအရေးပါသော နေရာတွင် ရှိကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အကြံပြု ပြောကြားသွားသည်။

ပညာရေး ဝန်ကြီးဌာနသည် ယခင်က ကျောင်းသား ၅၀ ရှိသော စာသင်ကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာတစ်ဦး၊ ကျောင်းသား ၈၀ ရှိသော ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာနှစ်ဦး သတ်မှတ်ထားကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် ကျောင်းသားနှင့် ဆရာအချိုးသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မူလတန်း အဆင့်၌ ၁း၂၉ ၊ အလယ်တန်း အဆင့်၌ ၁း၃၅ နှင့် အထက်တန်း အဆင့်၌ ၁း၂၄ တို့ ရှိခဲ့ကြောင်း၊ ယင်း ကိန်းဂဏန်းသည် ခန့်ထားသော ဆရာ၊ ဆရာမ ဦးရေနှင့် ကျောင်းသား၊ ကျောင်းသူ များကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly