Home » » မန်းရှိ သီရိမန္တလာအဝေးပြေးဝင်း မဟာအောင်မြေသို့ ပြောင်းရွှေ့မည်

မန်းရှိ သီရိမန္တလာအဝေးပြေးဝင်း မဟာအောင်မြေသို့ ပြောင်းရွှေ့မည်

Written By Unknown on Monday, December 2, 2013 | 10:56 AM

တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ်

မန္တလေးမြို့၊ သီရိမန္တလာ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်းကို မဟာအောင်မြေမြို့နယ် သံလျက်မော်ရှေ့ရပ်ကွက်သို့ ပြောင်းရွှေ့မည်ဖြစ်သည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။

“သီရိမန္တလာကားကြီးကွင်းက မြို့ရဲ့Downtown(မြို့လယ်) ဧရိယာထဲမှာ ပါဝင်ပါတယ်။ ခရီးသည်တင် ယာဉ်တွေ၊ ကုန်စည်ယာဉ်တွေကြောင့် မြို့တွင်းမှာ ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်လာနိုင်ပါတယ် ဘယ် တော့ပြောင်းရွှေ့မလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ အခုက လျာထားဆောင်ရွက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ဆိုသည်။

သီရိမန္တလာ အဝေးပြေးခရီးသည်တင် ယာဉ်ရပ်နားစခန်း၏ အကျယ်အ၀န်း မှာ ၂ ဒသမ ၅၉ဧကသာ ရှိသော်လည်း ယခုပြောင်းရွှေ့မည့် သံလျက်မော်ရှေ့ ရပ်ကွက်ပတ္တာကွင်းအကွက် ၄၀၇၊ ၄၀၈ သည် အကျယ်အ၀န်း ၉ ဒသမ ၆၂ ဧက ရှိသည်။

သီရိမန္တလာယာဉ်ရပ်နားစခန်းအတွင်းရှိ ဂိတ်ခန်းပေါင်း ၁၁၈ ခန်း၊ ယာဉ် အသင်းပေါင်း ၁၄၁ သင်း ပိုင်ရှင်များနှင့် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်သည်ဟုလည်း ဦးမောင်မောင်မြင့်က ပြောသည်။

“ကန့်ကွက်မှုလည်း ယခုအချိန်ထိ မရှိပါဘူး။ ပြောင်းလဲ ဖွင့်လှစ်ရင်လည်း အဲဒီမှာ ဂိတ်ခန်းပိုင်တဲ့သူရော၊ ငှားရမ်း ဖွင့်လှစ်နေတဲ့သူပါ အခန်းတွေကို ပြန်လည်ချထားပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင် မြင့်က ပြောသည်။

သီရိမန္တလာကားကြီးကွင်းမှ မန္တလေးမှ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကျောက်ပန်းတောင်း၊ စဥ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းမြို့များသို့ ပြေးဆွဲလျက်ရှိကာ တစ်နေ့လျှင် အသွားအပြန် မော်တော်ယာဉ်စီးရေ ၄၀၀ ကျော်ခန့်ရှိသည်။ တစ်နေ့လျှင် ခရီးသွားလူဦးရေ ၅,၀၀၀ ၀န်းကျင်ခန့် ၀င်ထွက် သွားလာလျက်ရှိ သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီစာရင်းများတွင် ဖော်ပြသည်။

မျိုးသန့် - Mizzima - News in Burmese