Home » » နိုင်ငံသား ပြန်လည်လျှောက်ထားသူများမှ ၁၀ဦးအား စတင်ခွင့်ပြု

နိုင်ငံသား ပြန်လည်လျှောက်ထားသူများမှ ၁၀ဦးအား စတင်ခွင့်ပြု

Written By Unknown on Saturday, December 28, 2013 | 8:59 PM

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုရန် လျှောက်ထားသော အခြားနိုင်ငံသားအဖြစ် ခံယူထားသူ ၄၃ ဦး အနက် ၁၀ဦးအား ပြည်ထောင်စုအစိုးရက ဒီဇင်ဘာလအတွင်း နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောသည်။

အခြားနိုင်ငံသားအဖြစ် ခံယူထားသူ ၁၀ ဦးအား ခွင့်ပြုပေးလိုက်သော်လည်း အကြောင်းကြားစာများ မပို့ရသေးကြောင်း၊ ကျန် ၃၃ ဦးကို နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုရန် စိစစ်နေ၍ အချိန်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

“သူတို့ကို အကြောင်းမကြားရသေးလို့ နာမည်တွေတော့ ပြောလို့မရသေးဘူး။ မကြာခင် အကြောင်းကြားတော့မှာပါ”ဟု ဦးမောင်မောင်သန်းကပြောသည်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုချက်ရရှိသည့်စာရင်းတွင် အမေရိကန်နှင့် သြစတြေးလျနိုင်ငံသားအဖြစ် ခံယူထားသူ အများအပြား ပါဝင်သည်ဟု သတင်းရရှိသည်။ ယခု ခွင့်ပြုချက်ရထားသူ ၁၀ ဦးသည် အခြားနိုင်ငံသားအသိအမှတ်ပြု စာရွက်စာတမ်းများကို သက်ဆိုင်ရာနိုင်ငံများတွင် အပ်နှံပြီးသည့်အချိန်မှစ၍ မြန်မာနိုင်ငံ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လျှောက်ထားရမည်ဖြစ်သည်။

ယခင်က မှတ်ပုံတင်ရှိပြီး ပြည်ပတွင်နေထိုင်စဉ် ပတ်စ်ပို့သက်တမ်းကုန်ဆုံးသူများ၊ ပတ်စ်ပို့မရှိသူများနှင့် ပြည်ပတွင် Travel Document ကိုင်ဆောင်ထားသူများသည် အခြားနိုင်ငံသားအဖြစ် မခံယူထားသော်လည်း အလိုအလျောက် မြန်မာနိုင်ငံသားအဖြစ် ပျက်ပြယ်ပြီး မူလကိုင်ဆောင်ထားသော မှတ်ပုံတင်များ တရားမ၀င်ကြောင်း၊ ထိုသူများလည်း လျှောက်ထားနိုင်သည့်အပြင် အခြားနိုင်ငံသားအဖြစ် ခံယူထားသူများ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်သည်ဟု ပြီးခဲ့သည့် ဇွန်လက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

မှတ်ပုံတင် လျှောက်ထားသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်မည်ဖြစ်သည်။လျှောက်ထားသူများကို ၀န်ကြီးဌာနငါးခုက ပုံစံနှစ်မျိုးဖြင့် စိစစ်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးမှ ရပ်၊ ကျေး၊ မြို့နယ်၊ ခရိုင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်ရှိ လ၀ကရုံးများ၌ လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ်က မွေးဖွားသည်မှ ထွက်ခွာသွားသည့်အချိန်အထိ မည်သည့်အရပ်ဒေသတွင် နေထိုင်သည့် သန်းခေါင်စာရင်း၊ ပုံစံ (၁၀) လက်ရှိမှတ်တမ်း၊ မှတ်တမ်းဟောင်းများကို စိစစ်ပြီး အခြားဝန်ကြီးဌာနများအား တင်ပြမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင်နေထိုင်စဉ် ရာဇ၀တ်မှုမှတ်တမ်းများကို စစ်ဆေးခြင်း၊ အခွန်တိမ်းရှောင်ကာ အစိုးရနှင့် ငွေကြေးကိစ္စမှုခင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များကို အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင် တင်ပြပြီး ယင်းအစည်းအဝေးဆုံးဖြတ်ချက်က ရာဇ၀တ်မှုကင်းသူများ၊ အစိုးရနှင့် စီးပွားရေးအရှုပ်အရှင်းကင်းသူများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ် ပြန်လည်ထုတ်ပေးရေး ထောက်ခံချက်ပေးပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ပေးခြင်းခံရသူများသည် ပြည်ပတွင်ရှိနေစဉ် ထိုနိုင်ငံသားအဖြစ် ခံယူထားသည့် လက်မှတ် (သို့မဟုတ်) Travel Document ကို သက်ဆိုင်သည့်နိုင်ငံသို့ ပြန်အပ်ရမည်ဖြစ်သည်။ အပ်နှံပြီးစီးကြောင်း စာနှင့်အတူ မြန်မာသံရုံးတွင် ပြည်တော်ပြန်ရန် CI (Certificate of Identification) ထုတ်ယူပြီး ပြန်ခဲ့ရမည်ဖြစ်ကာ ထိုမှသာ နိုင်ငံသားစိစစ်ရေးကတ် ရယူနိုင်မည်ဖြစ်သည်။

7Day News Journal