Home » » ၈၈ မျိုးဆက် ခေါင်းဆောင်များ ဆန္ဒပြမည့်ရက် တစ်ရက်နောက်ဆုတ်

၈၈ မျိုးဆက် ခေါင်းဆောင်များ ဆန္ဒပြမည့်ရက် တစ်ရက်နောက်ဆုတ်

Written By Unknown on Monday, December 30, 2013 | 11:27 AM

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီး တရားစွဲဆိုသော ပုဒ်မ ၁၈ နှင့်ပုဒ်မ ၅၀၅ (ခ) တို့ကို ရုပ်သိမ်းပေးရန်အတွက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဦးဆောင် ဆန္ဒထုတ်ဖော်မည့် နေ့ရက်ကို မူလ သတ်မှတ်ထားသည်ထက် တစ်ရက် နောက်ဆုတ် လိုက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက ပြောကြားသည်။

၈၈ မျိုးဆက်များ အပါအဝင် နိုင်ငံရေးနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း ၅၉ ဖွဲ့ ပူးပေါင်း ဆန္ဒထုတ်ဖော်မည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် လွတ်လပ်ရေးနေ့ ဖြစ်သောကြောင့် ရွှေ့ဆိုင်းပေးရန် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက ပြောကြားသောကြောင့် ယင်းနေ့တွင် ဆန္ဒထုတ်ဖော်ခြင်း မပြုလုပ်ဘဲ ဇန်နဝါရီလ ၅ ရက်နေ့မှ ဆန္ဒထုတ်ဖော်ရန် ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“သူတို့က အခါကြီးရက်ကြီး ဖြစ်နေလို့ တခြားရက် ပြောင်းပေးဖို့ လာပြောလို့ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီး ရွှေ့လိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျအရာရှိ မရှိကြောင်း ပြန်လည် ဖြေကြားသည်။

လူ့အခွင့်ရေး တက်ကြွ လှုပ်ရှားသူများ ဖမ်းဆီးတရားစွဲဆို ခံရသော အဆိုပါ ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) စသည့် ပုဒ်မများကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေး အကျဉ်းသားများကို ၂၀၁၃ နှစ် မကုန်မီ အကြွင်းမဲ့ လွှတ်ပေးရေးမှာ မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုထားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များ ဖြစ်သည့် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီတို့ အပါအဝင် အရပ်ဘက် လူထုအဖွဲ့အစည်း ၅၉ ဖွဲ့မှ စုစုပေါင်း လူအင်အား ၃၀၀ ခန့်ဖြင့် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။

The Voice Weekly