Home » » ရန်ကုန်လွှတ်တော်ကို တိုင်းအစိုးရ လွှမ်းမိုးနေဟုဆို

ရန်ကုန်လွှတ်တော်ကို တိုင်းအစိုးရ လွှမ်းမိုးနေဟုဆို

Written By Unknown on Friday, December 13, 2013 | 11:18 AM

သောကြာနေ့၊ ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်းလွှတ်တော်တွင် တိုင်းအစိုးရ၏ လွှမ်းမိုးမှုများရှိနေပြီဟု ရန်ကုန်တိုင်းလွှတ်တော် ဗဟန်း အ မှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဒီဇင်ဘာလ ၁၂ ရက် တိုင်းလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် လှိုင်အမှတ် ၂ မဲဆန္ဒနယ် မှကိုယ်စားလှယ် ဦးသိန်းနိုင်တင်သွင်းသည့် တိုင်းဒေသကြီးလွှတ်တော်တွင် ဆောင်ရွက်နိုင်သည့် အရေး များကိုသာ တင်သွင်း အဆိုပြုရန်နှင့် တိုင်းဒေသကြီးမှ မဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို သက်ဆိုင် ရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုသာ တင်သွင်းရန် တိုက်တွန်းသည့် အဆိုအပေါ်တွင် လွှတ်တော်မှတာဝန်ရှိ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့ ဖြေကြားရမည့်အစား နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ် မှူးကြီးတင်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းအပေါ် ဒေါက်တာညိုညိုသင်းက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ဖြစ်စဉ်က လွှတ်တော်ကို အစိုးရအဖွဲ့အနေနဲ့ လွှမ်းမိုးမှုရှိနေတယ်ဆိုတာကို ပြလိုက်တဲ့ သက်သေ တစ်ခုပဲ။ သူက လွှတ်တော်ကို ဘယ်လိုပုံစံဖြစ်စေချင်လဲ၊ သူဖြစ်စေချင်တဲ့အတိုင်း ပုံစံသွင်းနေတာ။ သူ ထပြောတဲ့အချိန်မှာ ကျွန်မ လက်ထောင်ပြီး ကန့်ကွက်နေပေမယ့် ဘယ်သူမှ ဂရုမစိုက်ဘူး။ လွှတ်တော် ရဲ့ကိစ္စကို ဘယ်လို တိုင်းတာဝန်ရှိသူကမှ ၀င်ရောက် စွက်ဖက်ခွင့် မရှိဘူးဆိုတာကို လွှတ်တော်ဥပဒေ တွေထဲမှာ အတိအလင်းပါပြီးသား”ဟု ၎င်းက ဆိုသည်။

ယင်းအဆိုအပေါ် တိုင်းအစိုးရက ၀င်ရောက် ဖြေရှင်းခဲ့သည်မှာ လွှတ်တော်ဆိုင်ရာ ဥပဒေများအရ မဖြစ် သင့်ဟု ပန်းပဲတန်း မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ် ဒေါက်တာဝင်းကိုလှနှင့် သင်္ဃန်းကျွန်းမဲဆန္ဒ နယ် အမှတ်(၁) ကိုယ်စားလှယ် ဦးကျော်တို့က ထောက်ခံ ပြောဆိုခဲ့ပြီး လွှတ်တော်တာဝန်ရှိသူများမှ တာဝန်ပေးထားခြင်းမျိုးလည်း ရှိနိုင်သည်ဟု သုံးသပ်ကြသည်။

ဟိန်းကိုစိုး
Mizzima - News in Burmese