Home » » RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန်

RCSS/SSA ၏ အမှတ် ၃ စစ်ဒေသမှူး ကွယ်လွန်

Written By Unknown on Friday, November 22, 2013 | 5:17 AM

၂၁ နိုဝင်ဘာ ၂၀၁၃

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အရာရှိတဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး ယွက်ဖှ (အသက် ၅၅ နှစ် ) သည် အသည်းကင်ဆာရောဂါဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က ကွယ်လွန်ခဲ့ပါသည်။

နိုဝင်ဘာလ ၁၈ ရက် ည ၁၁ နာရီခွဲက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စုရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက် သောကြာနေ့၌ ကျန်ရှိရုပ်အလောင်းအား သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

“ သူကလူကောင်းပါ။ ရိုးသားတယ်၊ ကြိုးစားတယ်။ သျှမ်းပြည်တပ်မတော်အရာရှိကြီးတွေ နာယက ကြီးတွေလာတယ်။ မနက်ဖြန် သဂြိုဟ်မယ်။ စဝ်ပိုင်းမိဏ်းကိုယ်တိုင်ဦးဆောင်ပြီးတော့ အသုဘ အခမ်းအနား ပြင်ဆင်နေတယ်” ဟု ၎င်းနေထိုင်သည့်ရွာ အုပ်ချုပ်ရေးမှူး(ရွာသူကြီး) စဝ်ဆေလမ် ကပြောပါသည်။

MTA ပြိုကွဲလက်နက်ချပြီးနောက်ပိုင်း ၁၉၉၆ နှစ်ဦး RCSS/SSA ပြန်လည်ထူထောင်ရာတွင် ခေါင်း ဆောင်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် (ထိုစဉ်ဗိုလ်မှူးကြီးယွက်စစ်)နှင့်အတူ စဝ်ခေးပျူ၊ စဝ်တင်းခေး၊ စဝ်ချိုဖှ တို့နှင့်အတူအားကြိုးမာန်တက် ပါဝင်ခဲ့သည်။

ဒုဗိုလ်မှူးကြီး ယွက်ဖှသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ အမှတ် ၃ စစ်ဒေသ စစ်ဒေသမှူး ဖြစ်ပါသည်။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းတော့ မိုင်းထားနှင့်မျက်နှာချင်းဆိုင်ရှိ RCSS/SSA ၏ အမှတ် ၃ စစ်ဒေသ လွမ်လမ်တပ်စခန်း၊ ပန်ကမ့်ကော် ပန်မိုင်ဆုံ စခန်းတို့ကို ထိန်းသိမ်းချုပ်ကိုင်ရ ပါသည်။

လက်ရှိတွင် စဝ်ယွက်ဖှသည် ဇနီးသည် နန်းမြင့်ယီနှင့် သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါသည်။

သျှမ်းသံတော်ဆင့်