Home » » အခြေခံဥပဒေကိစ္စ ကြီးလေးကြီး တွေ့နိုင်ရန် NLD ထပ်မံ တိုက်တွန်းမည်

အခြေခံဥပဒေကိစ္စ ကြီးလေးကြီး တွေ့နိုင်ရန် NLD ထပ်မံ တိုက်တွန်းမည်

Written By Unknown on Friday, November 29, 2013 | 11:19 AM

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ထပ်မံတိုက်တွန်း သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီ၏ ပထမအကြိမ် ကမ်းလှမ်းချက်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောဆိုရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က NLD ပါတီအနေနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် အဆိုပါ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာ ထွက်ပြီးချိန်မှ ဆက်လုပ်သင့်ကြောင်း ပြောဆိုထားသဖြင့် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြားသည့် နိုင်ငံတော်သမ္မတ၏ သဘောထား ပြန်ကြားချက် ဆိုသည်မှာ ဥပဒေ ပြဋ္ဌာန်းချက်ကို ညွှန်းဆိုခြင်း ဖြစ်ပြီး နိုင်ငံရေး မပါကြောင်း၊ ကြီးလေးကြီး တွေ့ဆုံ မည့် ကိစ္စမှာ နိုင်ငံရေးအရ အရေးကြီးသဖြင့် ဆက်လက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“NLD က ၈၈ ခုနှစ်ကတည်းက အမျိုးသား ရင်ကြားစေ့ရေးကို တောင်းဆို လာတာ။ ပယ်ချခံရတာတွေ အများကြီးပါ။ ဘယ်လိုပဲ ပယ်ချပယ်ချ ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်တယ်။ ခုလည်း ဆက်လက် ဆောင်ရွက်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ထုတ်ဖော် ပြောဆိုသည်။

ထို့ပြင် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူမှတစ်ဆင့် ပြောဆိုထားသည့် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့၏ သဘောထား ပြန်ကြားချက် ဆိုသည်ကို NLD ပါတီက လက်ခံရရှိခြင်း မရှိသေးကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ကြီးလေးကြီး တွေ့ဆုံရန် တောင်းဆိုခြင်းမှာ NLD ပါတီက တောင်းဆိုခြင်း မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင် တစ်ယောက်အနေနှင့် ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံခြင်းဟု နားလည်ထားကြောင်း၊ တာဝန်ရှိသည့် ခေါင်းဆောင်တစ်ယောက် အနေနှင့် ဒေါ်အောင်ဆန်းစုကြည် က ယင်းသို့ ချဉ်းကပ်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောက မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံသည့် ကြီးလေးကြီး တွေ့ဆုံမှု အစီအစဉ်မှာ ဖြစ်သင့်ကြောင်း၊ ၅၈ ပါတီ၏ သဘောထားကို ထည့်သွင်း စဉ်းစားမည် ဆိုပါက ယင်းတွေ့ဆုံမည့် အစီအစဉ်အပေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ကန့်ကွက်စရာ မရှိကြောင်း ယင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုသည်။
“လွှတ်တော် အစီရင်ခံစာ စောင့်မယ်ဆို အချိန်တွေ ထပ်ကြာဦးမယ်။ ခုအားလုံးက ပြင်ဖို့အတွက်ပဲ ပြောနေကြတော့ စောင့်လို့လည်း သိပ်ထူးမယ် မထင်ပါဘူး” ဟု ၎င်းက သုံးသပ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြီးလေးကြီး တွေ့ဆုံညှိနှိုင်းမည့် အစီအစဉ်သည် နိုင်ငံရေးအရ ကောင်းမွန်သည့် သဘောထားတစ်ရပ် ဖြစ်သော်လည်း အခြားနိုင်ငံရေး ပါတီများ၏ သဘောထားကို ထည့်သွင်း စဉ်းစားနိုင်ရန်နှင့် လွှတ်တော်၏ အခွင့်အာဏာကို ထိပါးသည့် သဘောမသက် ရောက်စေရန် ယင်းတွေ့ဆုံမှုကို လွှတ်တော် ကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးချိန်မှသာ ဆက်လက် ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော် ကော်မတီ၏ လေ့လာ တွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

The Voice Weekly