Home » » ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေး အမုန်းပွားမှုမရှိဟု NLDမှ ရှေ့နေဦးကိုနီ ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေး အမုန်းပွားမှုမရှိဟု NLDမှ ရှေ့နေဦးကိုနီ ပြော

Written By Unknown on Tuesday, November 12, 2013 | 5:06 AM

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲများတွင် ယခင် တပ်မတော် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီးများ၏ ဆိုးကွက်များအား ထည့်သွင်းပြောဆို နေသော်လည်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပုဂ္ဂိုလ်ရေးအရ အမုန်းပွားမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်း၌ ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအတွက် တိုင်းလုံးကျွတ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွင် ယင်းကဲ့သို့  ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပုဂ္ဂိုလ်ရေးအရသူ့ကို လေးစားပါတယ်။ မရည်ရွှယ်ဘဲ ထည့်ပြောမိတာကိုတော့ အဲဒါလေးကိုတော့ နားလည်ပေးပါလို့ ပြောချင်တယ် ” ဟု တရားလွှတ်တ်ာရှေ့နေ ဦးကိုနီက ပြောသည်။

၂၀၀၈ ခုနှစ်ဖွဲစည်းပုံ အခြေခံဥပဒေတွင် ယခင်စစ်အစိုးရက တပ်မတော်၏ အခန်းကဏ္ဍကို များစွာ ထည့်ထားခြင်းကြောင့် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆက်လက် ပြောဆိုသည်။

“ကျွန်တော် ဒါကို ဗိုလ်ချုပ်မှူးကြီးတွေရဲ့ ထည့်ပြောမှ ဖြစ်မှာပါ။ မပြောလို့ မရပါဘူး။ ဘာလို့ လည်းဆိုတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်သားတွေ အခန်းကဏ္ဍက ၁၀၂ ခုတောင်ပါတယ်”ဟု ထပ်လောင်းပြော ဆိုခဲ့သည်။

ဒီမိုကရေစီ နိုင်ငံများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အစိုးရမင်းများအား ပြည်သူက စေခိုင်းရန် ထုတ်ထားသည့် ဥပဒေတစ်ခုဖြစ်ကြောင်း ဦးကိုနီက ပြောသည်။

“ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေ က အစိုးရတွေမင်းတွေ လိုက်နာဖို့ ထုတ်ထားတာပါ။ ဒီလိုနိုင်ငံတွေမှာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းကိုမြန်ပါတယ် ”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊  ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊  ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ ရေးဆွဲခဲ့ပြီး ယင်းဖွဲစည်းပုံ အခြေခံဥပဒေသုံးမျိုးတွင် ၁၉၇၄ ဖွဲစည်းပုံ အခြေခံဥပဒေ၊  ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် ပြည်သူ့အကျိုးအတွက် ရေးဆွဲထားသည့် ဥပဒေမဟုတ်ဘဲ တပ်မတော် အစိုးရအတွက် ကာကွယ်ရေးဆွဲထားသည့် ဥပဒေများဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Written by  မြန်မာ့ခေတ်

Mizzima - News in Burmese