Home » » Mobile Banking စနစ် အဆင်သင့်ဟု သမဝါယမဘဏ်ဆို

Mobile Banking စနစ် အဆင်သင့်ဟု သမဝါယမဘဏ်ဆို

Written By Unknown on Tuesday, November 26, 2013 | 3:50 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တယ်လီဖုန်းဖြင့် ငွေလွှဲခြင်း၊ ဈေးဝယ်ခြင်းတို့ ပြုလုပ်နိုင်မည့် မိုဘိုင်းလ်ဘဏ် စနစ် (Mobile Banking) စတင်ရန် အဆင်သင့် ဖြစ်နေပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက် ရသည်နှင့်တစ်ပြိုင်နက် သမဝါယမဘဏ် လီမိတက် (CB) တွင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ်မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အင်တာနက်လိုင်း မရပါက မိုဘိုင်းလ်ဖုန်းမှ စာတို (SMS) ပို့ခြင်းဖြင့် ငွေလွှဲခြင်း ပြုလုပ်နိုင်မည့် အဆိုပါစနစ်ကို အကောင်အထည် ဖော်ရန် လွန်ခဲ့သည့် သုံးလခန့် ကတည်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တင်ပြထားပြီး ခွင့်ပြုချက်ရလျှင် အသုံးပြုနိုင်ရန် စမ်းသပ်သုံးစွဲပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ATM (အလိုအလျောက် ငွေထုတ်စက်) တို့၊ POS (Point Of Sale) တို့လိုပဲ။ ဒါက ငွေစုလို့ရမယ်” ဟု ၎င်းကဆိုသည်။

CB ဘဏ်၏ မိုဘိုင်းလ် ဘဏ်စနစ်ကို အသုံးပြုနိုင်ရန် အဆိုပါ ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်၍ ငွေစုခြင်းနှင့် ငွေလွှဲခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်ကာ ငွေစာရင်း မဖွင့်လှစ်ထားသော်လည်း မိုဘိုင်းလ်ဖုန်း ရှိသူများပါ ငွေလွှဲနိုင်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ငွေစာရင်း ဖွင့်မထားသူများအတွက် CB နှင့် ချိတ်ဆက်ထားသော အေးဂျင့်များထံတွင် ဘဏ်က ပေးထားသော ကုတ်နံပါတ်ဖြင့် သွားရောက် ငွေထုတ်ယူနိုင်မည်ဖြစ်ကာ အသုံးပြုလိုသူများ အသေးစိတ် သိရှိနိုင်ရန် www.facebook.com/CBBank MobileBanking တွင် ဖော်ပြထားကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။

ယင်းစနစ်ကြောင့် ငွေလွှဲပြောင်း ပေးပို့ရာတွင် အဆင်ပြေနိုင်သော်လည်း စာရင်းမဖွင့်သူများကို ငွေလွှဲပြောင်းရာတွင် အေးဂျင့်များ နည်းပါးပါက အဆင်မပြေနိုင်ကြောင်း သုတေသန ကောက်ယူမှု လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကဘဏ်များ အကောင်အထည် ဖော်ရန် ပြိုင်ဆိုင်နေကြသည့် မိုဘိုင်းလ် ဘဏ်စနစ်များကို အသုံးပြုရာတွင် လိုက်နာရမည့် စည်းမျဉ်းများကို ဗဟိုဘဏ်က ရေးဆွဲထားပြီး ဖြစ်ပြီး ရှေ့နေချုပ် ရုံးနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့၏ မှတ်ချက်များ ရရှိပြီးပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

အောက်တိုဘာ လကုန်ပိုင်းကလည်း ဖုန်း SMS စနစ်ဖြင့် ငွေလွှဲနိုင်မည့် ဖုန်းငွေပေးချေမှု စနစ်ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC TEL)၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ အင်းဝဘဏ် (MEC)၊ MTS (Myanmar Telecommunation Services) တို့ ပူးပေါင်း အကောင်အထည် ဖော်ထားပြီး တရားဝင် မိတ်ဆက်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း CB မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly