ကမ္ဘာ့နိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဆယ်ကျော်သက်အရွယ် လူငယ်တွေအကြား HIV ရောဂါကူးစက်မှုနှုန်း သုံးပုံတစ်ပုံ ပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ကမ္ဘာပေါ်က အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်အရွယ် ဆက်ကျော်သက် လူငယ်အယောက်ပေါင်း နှစ်သန်းဟာ HIV ရောဂါပိုး ကူးစက်ခံနေရပြီး အများအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ မရကြဘူးလို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က HIV ရောဂါကြောင့် သေဆုံးသူ ဆက်ကျော်သက် အယောက် ၇၀၀၀၀ ရှိခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ အယောက်ပေါင်း တစ်သိန်းကျော် ရှိလာတယ်လို့ ဆိုပါတယ်။
HIV, AIDS ကူးစက်မှု အများဆုံးရှိတဲ့ အာဖရိကတိုက်မှာတော့ ဆက်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေမှာ ရောဂါကူးစက်မှု ပိုဖြစ်နေပြီး အများစုက လိင်ဆက်ဆံရာမှာ အကာအကွယ် မသုံးတာတွေ၊ တချို့ကလည်း အတင်းအဓမ္မ နိုင်ထက်စီးနင်းတာခံရပြီး ရောဂါကူးစက်ကြတာ ဖြစ်ပါတယ်။
အာရှတိုက်မှာတော့ ရောဂါပိုး ကူးစက်ခံရသူ ဆက်ကျော်သက်တွေဟာ တရားမဝင်မူးယစ်ဆေးဝါး သုံးစွဲသူတွေ ဖြစ်ကြတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။
ABC Radio Australia