Home » » ပုံစံတူဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအမိနှစ်ဦးရုပ်အလောင်းတွေ့

ပုံစံတူဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအမိနှစ်ဦးရုပ်အလောင်းတွေ့

Written By Unknown on Wednesday, November 20, 2013 | 3:43 PM

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်

မင်္ဂလာဒုံတွင် အသက် ကိုးနှစ်အရွယ် သမီးငယ်နှင့် မိခင်ဖြစ်သူတို့နှစ်ဦးပုံစံတူ လည်ပင်းပြတ်ရှဒဏ်ရာ များဖြင့် သတ်ဖြတ်ခြင်းခံထားရမှုကို နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုလိုက်သည်။

အဆိုပါ အမှုမှာ မင်္ဂလာဒုံမြို့နယ် ပလရရပ်ကွက်၊ ဘောဂ(၂)လမ်းရှိ နေအိမ်တစ်ခုတွင် ဖြစ်ပွားသွားခဲ့ ခြင်း ဖြစ်သည်။

“ဒီအမျိုးသမီးလမ်းဘေးမှာ လဲနေတာကို သူခိုးကြီးညကဆော့နေတဲ့ ကလေးငါးယောက်က အရင်စတွေ့ ခဲ့တာ၊ နံနက် ၁ နာရီ ၅ မိနစ်လောက်မှာပါ။ ကျွန်တော်တို့ကို လာအကြောင်းကြားလို့ လိုက်ကြည့်တော့ သေနေတာကို တွေ့ရတယ်၊ ရဲတွေနဲ့ အိမ်ထဲကို လိုက်ကြည့်တော့လည်း ကလေးက ခြင်ထောင်ထဲမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေနေတာကို တွေ့ခဲ့ရတယ်” ဟု ပလရရပ်ကွက် အုပ်ချုပ်ရေးပိုင်းမှ သွား ရောက်ကြည့်ရှုခဲ့သူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

အသက်ခံထားရသူမှာ ဈေးသည် မမြတ်မြတ်စန်း ၃၆ နှစ်ဆိုသူဖြစ်ပြီး ၎င်းကို ယင်း၏နေအိမ်ရှေ့ ၀ဲဘက် မျက် စောင်းထိုးဂျိုးဖြူပိုက်လုံးဘေး လမ်းပေါ်တွင် လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ မေးစေ့ပြတ်ရှဒဏ် ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်ဟု တိုင်းရဲတပ်ဖွဲ့ကလည်း ဆိုထားသည်။

ထို့ပြင် ယင်း၏သမီးဖြစ်သူ မနှင်းဝေကိုးနှစ်၊ စတုတ္ထတန်းကျောင်းသူမှာ နေအိမ်အတွင်းရှိ အိပ်ရာပေါ် တွင် လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်ဖြင့်ပင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟုလည်း ဆိုထား သည်။

အသတ်ခံရသည့် သားအမိနှစ်ဦးမှာ ရပ်ကွက်အတွင်း ပျော်ပျော်ရွင်ရွင်နေထိုင်တတ်ကြောင်းနှင့် စကား များခြင်း၊ ရန်ဖြစ်ခြင်းများ ရှိမထားကြောင်း ယင်းရပ်ကွက်နေသူများက ဆိုကြသည်။

“သေဆုံးသူရဲ့ ယောက်ျားက ဘုန်းကြီးတစ်ပါးက ကားမောင်းခေါ်လို့ မြင်းခြံဘက်ကို ရောက်နေတယ်။ ယောက်ျားမရှိခင်မှာပဲ အခုလို အသတ်ခံလိုက်ရတာ။ သံသယရှိသူတွေကိုတော့ ရဲဘက်က လိုက်လံစုံ စမ်းနေပါတယ်” ဟုလည်း အထက်ပါအုပ်ချုပ်ရေးပိုင်းမှ ပုဂ်္ဂိုလ်က ဆိုသည်။

လက်ရှိတွင် အဆိုပါ သေဆုံးမှုကို သေဆုံးသူ၏ ယောက္ခမတော်စပ်သူ ဦးစန်းမြက လူသတ်မှုကျူးလွန် သွားသူများကို ဖမ်းဆီးဖော်ထုတ်ပေးရန် တရားလိုပြုလုပ် တိုင်တန်းထားသည်ဟု စုံစမ်းသိရသည်။

ထို့ကြောင့် အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးနေသည်ကို သိရှိနိုင် ရန် မဇ္ဈိမက မင်္ဂလာဒုံရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် စခန်းမှူးမရှိကြောင်းနှင့် နောက် ၁၅ မိနစ်အကြာမှ ထပ်မံဆက်သွယ်မေးမြန်းပေးရန် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ဖြေကြားခဲ့သည်။

ထို့နောက် ချိန်းဆိုထားသည့်အတိုင်း အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားမှု မပြုခဲ့သဖြင့် လူသတ် မှုနှင့် ပတ်သက်သော အမှုဖွင့် စစ်ဆေးအရေးယူနေမှုများအား အတည်ပြုနိုင်ခဲ့ ခြင်း မရှိခဲ့ပေ။


ဇော်ဇော်ထွေး - Mizzima - News in Burmese