Home » » သာကေတတွင် ဓာတ်ဆီပိုက်လိုင်း အဖောက်ခံရ

သာကေတတွင် ဓာတ်ဆီပိုက်လိုင်း အဖောက်ခံရ

Written By Unknown on Wednesday, November 27, 2013 | 8:16 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၆

သန်လျင်မြို့နယ် ရေနံချက်စက်ရုံမှ သာကေတမြို့နယ် ရေနံ သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲသို့ ဓာတ်ဆီများ ပို့လွှတ်သည့် ပိုက်လိုင်း သွယ်တန်းထားသော လမ်းခုလတ်နေရာ ဖြစ်သည့် သန်လျင်တံတား တိုင်အမှတ် ၁၈ အောက်တွင် ဓာတ်ဆီပိုက် လိုင်းဖောက်၍ ဓာတ်ဆီများ ခိုးယူခံရမှုတစ်ခု နိုဝင်ဘာလ ၂၅ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတ...ပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

သန်လျင် ရေနံချက်စက်ရုံမှ သာကေတ ရေနံသိုလှောင် ဖြန့်ဖြူးရေး ဌာနသို့ ဓာတ်ဆီပို့လွှတ်သည့် ဆီပိုက်လိုင်း နှစ်ခုရှိပြီး ဓာတ်ဆီပိုက်လိုင်းမှာ အချင်း ၁၀ လက်မခန့် အရွယ်ရှိပြီး ဒီဇယ်ပိုက်မှာ အချင်း ၁၄ လက်မခန့် အရွယ်ရှိကြောင်း အဆိုပါ ပိုက်လိုင်းနှစ်ခုကို သန်လျင်တံတား ပေါ်မှတစ်ဆင့် သာကေတမြို့နယ် သိုလှောင် ဖြန့်ဖြူးရေး ဌာနသို့ ဆက်သွယ်ထားကြောင်း အဆိုပါ အဖောက်ခံရသည့် ပိုက်လိုင်းအနီး နေထိုင်သည့် အမှတ် ၁၀ တောင် ရပ်ကွက် အုပ်ချုပ်ရေးရုံး အဖွဲ့ဝင် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
"တံတားပေါ်က ကြည့်ရင် အဖောက်ခံရတဲ့ ဓာတ်ဆီပိုက်လိုင်း နားမှာ ခရာပင် တွေက ခါးလောက်ရှိတယ်။ ရုတ်တရက် ကြည့်ရင် မမြင်ရဘူး။ ခုအဖောက်ခံရတဲ့ နေရာ တိုင်အမှတ် ၁၈ တံတားပေါ်မှာ ရဲကင်းရှိတယ်၊ ဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်း တံတားအဆင်းမှာ တံတားမီးအဖွင့် အပိတ် လုပ်တဲ့ လျှပ်စစ်ရုံး ရှိတယ်" ဟု ၄င်းက ရှင်းပြသည်။

ဓာတ်ဆီပိုက်လိုင်း အဖောက်ခံရမှုကို သာကေတမြို့နယ် ရေနံ သိုလှောင်ဖြန့်ဖြူးရေး ဌာနခွဲထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ပိုက်လိုင်းများ၏ လုံခြုံရေးအရ ပြောကြားခွင့် မရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။

ဓာတ်ဆီ ထုတ်ယူရာတွင် အရှည် သုံးလက်မခန့်ရှိ ဝါးဆို့ တစ်ခု၊ အရှည် ပေ ၂၀၀ ခန့်ရှိသော အစိမ်းရောင် ပလတ်စတစ်ပိုက်၊ ပေ ၁၀၀ ခန့်ရှိ အဝါရောင် ပလတ်စတစ်ပိုက်၊ ကားချိုင့်တစ်ခု အပါအဝင် ဆီထုတ် ဘရက်ကက် တစ်စုံ၊ ပိုက်ဆက်သုံးခု၊ ဆီထည့်ရန် ပလတ်စတစ်အိတ် စွပ်ထားသော ပီနံအိတ် ၄၈ လုံး၊ ဓာတ်ဆီ ငါးဂါလန် ထည့်သွင်းထားသည့် ပီနံအိတ် နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး မည်သူ့ကိုမှ ဖမ်းမိခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ပိုက်လိုင်း အဖောက်ခံရမှုကို (ပ) ၈၃၅/၁၃၊ ပုဒ်မ ပပက ၆ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သာကေတ မြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly