Home » » ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရခိုင်ပြည်နယ် ရပ်မိရပ်ဖနှင့် အာဏာပိုင် များကို အမေရိကန်သံရုံး တိုက်တွန်း

ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရခိုင်ပြည်နယ် ရပ်မိရပ်ဖနှင့် အာဏာပိုင် များကို အမေရိကန်သံရုံး တိုက်တွန်း

Written By Unknown on Thursday, November 21, 2013 | 2:09 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ် အတွင်းရှိ လူမှု အဖွဲ့အစည်းများအကြား ပဋိပက္ခ အသစ်များ ထပ်မံ မဖြစ်ပွားစေရန် စောင့်ကြည့် ကြပ်မတ်ရေးကို ရခိုင်ပြည်နယ်ရှိ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များကို အလေးထား ဆောင်ရွက်ရန် အမေရိကန် သံရုံးက တိုက်တွန်းကြောင်း နိုဝင်ဘာ ၂၀ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဗလီတစ်ခု ဖျက်ဆီးခံရခြင်းနှင့် ပဋိပက္ခကြောင့် ယာယီ ရွှေ့ပြောင်း နေထိုင်ရသူများအပေါ် တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ အပါအဝင် ယင်းဒေသရှိ လူမှု အဖွဲ့အစည်းများအကြား အကြမ်းဖက်မှု ထပ်မံဖြစ်ပွားလာမည့် အရိပ်အယောင် များကို အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ များတွင် ကျောက်တော်မြို့နှင့် ပေါက်တောမြို့တို့၌ အသက်ခြောက်နှစ် ဝန်းကျင်ရှိ မိန်းကလေးငယ် နှစ်ဦး နေအိမ်မှ ပျောက်ဆုံးပြီးနောက် ဒဏ်ရာများဖြင့် သေဆုံးလျက်သာ ပြန်လည် တွေ့ရှိရပြီး ကလေးငယ် တစ်ဦးမှာ အဓမ္မပြုကျင့် ခံရသည့် လက္ခဏာ များ တွေ့ရှိရသဖြင့် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးများအကြား အခြေအနေ တင်းမာမှုများ ရှိကြောင်း အဆိုပါ ဒေသခံများက ပြောဆိုသည်။

ယင်းဖြစ်စဉ် များကြောင့် ရခိုင်ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ မပေါ်ပေါက်ရန်နှင့် လူ့အသိုင်းအဝန်း နှစ်ခုအကြား အပြန်အလှန် နားလည် လေးစားမှုနှင့် ငြိမ်းချမ်းစွာ လက်တွဲ နေထိုင်နိုင်ရန် သက်ဆိုင်ရာ ဘာသာရေးနှင့် လူမှု အဖွဲ့အစည်း ခေါင်းဆောင်များကို အမေရိကန် သံရုံးက ကြေညာချက်တွင် ထပ်မံ တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ် အတွင်းရှိ အခြေအနေ အရပ်ရပ်ကို အမေရိကန် သံရုံးက အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly