Home » » ကသာမြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်

ကသာမြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်

Written By Unknown on Sunday, November 17, 2013 | 7:20 AM

ကိုတိုးကြီး| စနေနေ့၊ နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်း ကသာခရိုင် တရားရုံးသို့ အမှုအားကြားနာစစ်ဆေးရန် ကသာအကျဉ်းထောင်မှ ရုံးထုတ်လာသည့် အချုပ်သားများအနက် မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး ယခုလ ၁၅ရက် ညနေ ၄နာရီခွဲခန့်က ထွက်ပြေးလွတ်မြောက်သည်ဟု ကသာတရားရုံးမှာ တရားရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထွက်ပြေးလွှတ်မြောက်သွားသည့် မူးယစ်အချုပ်သားမှာ ပင်လယ်ဘူးမြို့နယ်၊ ကညင်ကုန်းကျေးရွာနေ ကဒူး(ခ) ထွန်းထွန်းဝင်း ဖြစ်သည်ဟု အဆိုပါ တရားရေးဝန်ထမ်းက ပြောသည်။

ယခုလ ၁၅ရက်မွန်းလွှဲ ၃ နာရီအချိန်ခန့်က ကသာခရိုင်တရားရုံး၌ အမှုအား ကြားနာစစ်ဆေးရန် ကသာအကျဉ်း ထောင်မှ အချုပ်သား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁)ဦးရုံးထုတ်လာသည့်အနက် အမျိုးသား အချုပ်သား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးအား တရားရုံးသို့ ပို့ဆောင်ရန် ခေါ်လာခဲ့သည်။

ထို့နောက် ညနေ ၄ နာရီ မိနစ် ၄၀ခန့်တွင် ထိုအချုပ်သားများအား တရားရုံးမှ အချုပ်ခန်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ရဲစခန်းဝင်းအတွင်း အချုပ်ခန်းနှင့် ပေ(၅၀)ခန့်အကွာ နေရာသို့ အရောက်တွင် သော့ခတ်ချုပ်နှောင်ထားသည့် သံကြိုးကိုဖြုတ်၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထိုသူသည် ပင်လယ်ဘူးမြို့မရဲစခန်း၏ မူးယစ်(ပ) ၅၀/ ၂၀၁၃ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) နှင့် (ပ) ၁၂၇/ ၂၀၁၃ ကြိုးမဲ့ကြေးနန်အက်ဥပဒေ ၆(၁)၊ (ပ) ၁၂၈/ ၂၀၁၃ ပို့ကုန်/ သွင်းကုန် ပုဒ်မ (၈) အမှုများနှင့် အချုပ်ကျနေသော အချုပ်သားတစ်ဦးဖြစ်သည်ဟု ကသာမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ မူးယစ် အချုပ်သား ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် ကသာမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူး မြင့်လွင်၊ တာဝန်မှူး ဒု-ရဲအုပ် မင်းဆွေ၊ တရားရုံးထုတ်အဖွဲ့မှ ရဲတပ်ကြပ်ကြီး တင်ဆွေဦး၊ ရဲတပ်သား သန်းဦး တို့အား ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေများအရ ဆက်လက်၍ အရေးယူဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

Mizzima - News in Burmese