Home » » ထိုင်းလွတ်ငြိမ်းခွင့် ဥပဒေကြမ်းကို လူထောင်ချီ ကန့်ကွက်ဆန္ဒပြ

ထိုင်းလွတ်ငြိမ်းခွင့် ဥပဒေကြမ်းကို လူထောင်ချီ ကန့်ကွက်ဆန္ဒပြ

Written By Unknown on Monday, November 4, 2013 | 7:29 PM

ထိုင်းနိုင်ငံမှာ ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ပြည်တော်ပြန်ခွင့် ရစေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ကို ဥပဒေကြမ်းကို အောက်လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁ ရက်နေ့ အတည်ပြုလိုက်တဲ့နောက် လူထောင်ပေါင်းများစွာဟာ ဘန်ကောက်မြို့တော်မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ကန့်ကွက်သူတွေကတော့ ဥပဒေကြမ်းဟာ သက်ဆင်ရဲ့ နှမ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ရဲ့ ပွေထိုင်းပါတီက မစ္စတာသက်ဆင်ကို ရာဇ၀တ်မှုတွေကနေ ကင်းလွှတ်ခွင့် ရသွားအောင် ပညာသားပါပါ ကြိုးပမ်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အငြင်းပွားရဆုံး ခေါင်းဆောင်ဖြစ်တဲ့ ဘီလျံနာ သူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီး အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို ရှောင်ဖို့ ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပမှာ တိမ်းရှောင်နေပါတယ်။

အဂတိလိုက်စားမှုတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တိုင်း ပြင်ဆင်တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ သည်းခံနိုင်စွမ်း မရှိတော့ဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ဥပဒေကြမ်းကို အတည်ပြုဖို့ ရက်သတ္တပတ်တွေ အချိန်ကြာပါဦးမယ်။ ဒါပေမယ့် သက်ဆင်ကို မလိုလားသူတွေ၊ ဘုရင့်သစ္စာခံတွေနဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အဖွဲ့ဝင်တွေက ဆန္ဒပြနေတာကြောင့် ၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တဲ့ မငြိမ်သက်မှုနဲ့ သွေးထွက်သံယိုမှု နောက်ပိုင်း နိုင်ငံရေးမငြိမ်သက်မှုတွေ တကျော့ပြန်လာတော့မယ့် အရိပ်အယောင်ပါပဲ။

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ဟာ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ တခဲနက် အနိုင်ရခဲ့ပြီး ကျေးလက်လူထုတွေ ကြားမှာတော့ လူကြိုက်များဆဲ ဖြစ်ပါတယ်။

မစ္စတာ သက်ဆင်ဟာ အာဏာယူထားတဲ့ကာလမှာ အဂတိလိုက်စားတာနဲ့ အာဏာ အလွဲသုံးစားတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပြီး မြို့ပေါ် လူလတ်တန်းစားတွေကြားမှာ တဖြည်းဖြည်းနဲ့ လူကြိုက်နည်းလာခဲ့ပါတယ်။

ဒါတင်မက ဘုရင့်သစ္စာခံတွေကြားမှာလည်း မစ္စတာ သက်ဆင်ဟာ ဘုရင်စနစ်ကို ဖျက်လို ဖျက်ဆီးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပေါ်ထွက်ခဲ့ပြန်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကတော့ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

ပြည်ပြေးဘ၀ ရောက်နေပေမယ့် မစ္စတာ သက်ဆင်ဟာ ထိုင်းနိုင်ငံရေးမှာ လွှမ်းမိုးနေဆဲ ဖြစ်ပြီး အစိုးရရဲ့ မူဝါဒတွေ တော်တော်များများကိုလည်း ချမှတ်ပေးနေတုန်းပဲ ဖြစ်ပါတယ်။

 by ဒီဗွီဘီ