Home » » ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ဒေါ်အောင်ဆန်းစုကြည်လက်ခံကြောင်းပြော

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ဒေါ်အောင်ဆန်းစုကြည်လက်ခံကြောင်းပြော

Written By Unknown on Tuesday, November 26, 2013 | 4:06 PM

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လိုလားနေသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကို လက်ခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

““ပြည်ထောင်စုနဲ့ကိုက်ညီတဲ့ တပ်မတော်ဆိုတာ ဖြစ်ရမှာပေါ့။ ပြည်ထောင်စုထဲမှာဆို ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ တပ်မတော်ဖြစ်ရမှာပေါ့။ ပြည်ထောင်စုထဲမှာ ပြည်ထောင်စုနဲ့မကိုက်ညီတဲ့ တပ်မတော်ဖြစ်ရမလား””ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။

နိုဝင်ဘာ ၂၅ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ဖွဲ့ကျော်ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ခေါင်းဆောင်ပိုင်းများ နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ  ၎င်း၏နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလ ၂၂ရက်တွင် ထိုင်း နိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ပြည်တွင်းရှိ နိုင်ငံရေးပါတီများသည် ပြည်ထောင်စုတပ်မတော်တည်ဆောက်ရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။

တပ်မတော်တွင် တိုင်းရင်းသားလူမျိုးများပါဝင်လာပြီး ကာကွယ်ရေးဦးစီးချုပ်နေရာကိုလည်း တိုင်းရင်းသားများက အလှည့်ကျတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက ယင်းတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများအား ရှင်းပြခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် (UNFC)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်မှာ တပ်မတော်၏ အခန်းကဏ္ဍများကို လျှော့ချလို၍မဟုတ်ဘဲ ဒီမိုကရေစီနှင့်ကိုက်ညီသည့် ပြည်သူချစ်သောတပ်မတော် ဖြစ်စေလိုသည့်အတွက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားထားသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇)တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော  လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ဖော်ပြပါရှိသည်။

7day Daily