ဈေးကောင်းရသဖြင့် ယခုနှစ်ဧပြီလက အိမ်ရှိခိုင်းနွားကို ရောင်းလိုက်သော ဒေါ်စန်းဌေးတစ်ယောက် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။ ယခုအခါ သူနွားပြန်ဝယ်လိုသော်လည်း ဈေးကြီးလွန်း၍ ပြန်မ၀ယ်နိုင်တော့ပါ။
လွန်ခဲ့သောတစ်နှစ်က ခိုင်းနွားတစ်ကောင်လျှင် ကျပ်လေးသိန်းဝန်းကျင်တန်ဖိုးရှိရာမှ ယခုနှစ်တွင် ကျယ်ဆယ်သိန်းခန့်အထိ ရှိနေပါပြီ။
“ဈေးကောင်းရပြီဆိုပြီး ရောင်းလိုက်တာ။ အခုနွားဈေးက အရမ်းကြီးနေတော့ ဘယ်လိုမှ ပြန်မ၀ယ်နိုင်တော့ဘူး”ဟု ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ကျေးရွာမှ တောင်သူဒေါ်စန်းဌေးက အားလျှော့သောလေသံဖြင့် ပြောသည်။
အိမ်နီးချင်းတရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက် နွားများကို ၂ နှစ်အတွင်း နည်းလမ်းမျိုးစုံဖြင့် အဆမတန်ဝယ်ယူနေမှုကြောင့် ယခုကဲ့သို့ ဈေးများမြင့်တက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နွားကိုအဓိကထား၍ လုပ်ကိုင်ကြရသော တောင်သူလယ်သမားများအနေဖြင့် ခိုင်းနွားရှားပါးမှု ကြုံတွေ့နေရပြီး ၀ယ်ယူစားသုံးသူများမှာလည်း အမဲသားဈေးနှုန်း မြင့်တက်မှုကို ခံစားနေရပြီဖြစ်သည်။
တရုတ်နဂါးကြီးဆီသို့ နွားမှောင်ခို အဓိကတင်ပို့သောနေရာဖြစ်သည့် ရှမ်းပြည်နယ်နှင့် ခိုင်းနွားအများဆုံးထွက်ရှိသော မြန်မာပြည်အလယ်ပိုင်းဒေသများမှာ ယခုအခါ ခိုင်းနွားရှားပါးမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရသော နေရာများဖြစ်သည်။
နွားအကောင်ရေ ပိုလျှံနေသောကြောင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ပါ ပြန်လည်ရောင်းချနေရသော မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှာ လက်ရှိအချိန်တွင် နွားရှားပါးမှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
“ဒီဘက်မှာ ရောင်းစရာနွားလည်း မကျန်တော့ဘူး။ လယ်ထွန်ဖို့လည်း နွားတွေမရှိတော့ဘူး”ဟု တရုတ်ပြည်သို့ တရားမ၀င် နွားများတင်ပို့နေသော နေရာတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ နွားတင်ပို့နေမှုကို နေ့စဉ်မြင်တွေ့နေရသူ ဒေသခံတောင်သူဦးညွန့်ဝေက နိုဝင်ဘာ ၇ ရက်တွင် ပြောပါသည်။ ထို့ကြောင့် ဦးညွန့်ဝေတို့ဒေသတွင် နွားဈေးကြီးလွန်းနေပြီး ခိုင်းနွားလည်း ရှားပါးလွန်းကာ ၀ယ်နိုင်သောသူလည်း မရှိသလောက်ပင်။ သူလည်း ကျွဲတစ်ကောင်နှင့်သာ ထွန်ယက်စိုက်ပျိုးနေရသည်။
ခိုင်းနွားရှားပါးသောကြောင့် လယ်ထွန်စက်များဖြင့် ထွန်ယက်စိုက်ပျိုးလျှင် သီးနှံထွက်နှုန်းမှာ နွားများဖြင့် ထွန်ယက်စိုက်ပျိုးသလောက် သီးနှံအထွက်တိုးမှုမကောင်းကြောင်း ရှမ်းပြည်မြောက်ပိုင်း တောင်ယာလုပ်ကိုင်သူများကဆိုသည်။
လယ်ထွန်စက်ဖြင့် ထွန်ယက်သောအခါ နွားနှင့်ထွန်ယက်သလောက် ထယ်ရေးမကြေပဲ၊ သီးနှံအထွက်ပိုနည်းပြီး နွားဖြင့်ထွန်ယက်မှုသည် လိုချင်သလို ထွန်ယက်စိုက်ပျိုးနိုင်သောကြောင့် သီးနှံပိုထွက်သည်ဟု နောင်ချိုမြို့နယ်ရှိ တောင်သူများကတော့ဆိုသည်။
ငါးရက်တစ်ကြိမ်ပြုလုပ်လေ့ရှိသော အညာဒေသနှင့် ရှမ်းပြည်နယ်ရှိ ဒေသတွင်းနွားပွဲဈေးများတွင် ရောင်းချလျှင် ရရှိနိုင်သောဈေးနှုန်းနှင့် တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့လျှင်ရမည့် အမြတ်အစွန်းက နွားဝယ်ရောင်းလုပ်သူကုန်သည်များအတွက် မည်သည့်နေရာတွင် ရောင်းချရမည်ဆိုသည့်အချက်ကို စဉ်းစားစရာမလိုတော့ပေ။
နွားပွဲစားဈေးများမှ နွားများကို နွားပွဲစားများမှတစ်ဆင့် အဓိက၀ယ်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တို့တွင် စုရပ်ထားရှိသည်။ ထို့နောက် နွားများကို လူဖြင့်ဆွဲ၍သော်လည်းကောင်း၊ ၁၂ ဘီးကားများဖြင့် တင်၍သော်လည်းကောင်း တရုတ်ပြည်သို့ နေ့စဉ်တရားမ၀င်တင်ပို့လျက်ရှိသည်။ ၁၂ ဘီးကားတစ်စီးလျှင် နွားအကောင်ရေ ၂၂ ကောင်ထည့်ကာ တင်ပို့နေခြင်းဖြစ်သည်။ နွားများကို လူဖြင့်ဆွဲပြီး ကုန်းကြောင်းဖြင့်သွားလျှင် လူတစ်ယောက်ကို နွားနှစ်ကောင်ဆွဲ၍သွားကြောင်း ဆမ္မဆယ်ဒေသခံများကပြောသည်။
ယခုဆောင်းပါးရေးရန်အတွက် နောင်ချိုမြို့နယ်သို့ နိုဝင်ဘာ ၇ ရက်က သွားစဉ်အခါမှာပင် တရုတ်ပြည်သို့တင်ပို့ရန် ဆမ္မဆယ်ကျေးရွာ လယ်ကွင်းများတွင်ထားသော တင်ဆောင်မည့်နွားများနှင့် အဆိုပါ ၁၂ ဘီးကား ၁၀ စီးဝန်းကျင်ကို နောင်ချိုလမ်းခွဲ၌ ရပ်နားထားသည်ကို တွေ့မြင်ခဲ့ရသည်။
အမှန်တော့ ကျွဲ၊ နွား၊ ဆိတ် အကောင်လိုက်သာမက အေးခဲအမဲသားကိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ပိတ်ပင်ထားပြီး အကောက်ခွန်ဥပဒေအရသာမက အရေးကြီးပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်ပါ တားမြစ်ထားသည်။ သို့သော် တရုတ်သို့ တရားမ၀င်တင်ပို့နေသော နွားစီးကြောင်းကြီးက မြင်သာလွန်းလှသည်။ တရားမ၀င်တင်ပို့သောကြောင့် တိုင်းပြည်အတွက် အခွန်အခမရဘဲ လမ်းကြောင်းတစ်လျှောက်ရှိ အစိုးရ၀န်ထမ်းအချို့သာ လာဘ်လာဘရကာ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးနေသည်။
လက်ရှိအချိန်တွင် နောင်ချိုမှ ငါးရက်လျှင် နွားအကောင်ရေ တစ်ထောင်ခန့်နှင့် အောင်ပန်းမှ ငါးရက်လျှင် နွားအကောင်ရေ သုံးထောင်ဝန်းကျင် တင်ပို့နေပြီး ထိုစုရပ်နှစ်ခုမှ ပျမ်းမျှတစ်ရက်လျှင် တရားမ၀င်နွားတင်ပို့မှုမှာ အကောင်ရေရှစ်ရာခန့်ရှိနေသည်။ တရုတ်နိုင်ငံသို့ နွားတင်ပို့မှုများသည် လွန်ခဲ့သော ၁၀ နှစ် ၀န်းကျင်ကတည်းက ပို့ဆောင်နေသော်လည်း ယခု ၂ နှစ်အတွင်းမှ ပိုများလာခြင်းဖြစ်သည်။
ယခုအကောင်ရေနှုန်းဖြင့် ဆက်လက်တင်ပို့နေပါက မြန်မာနိုင်ငံတွင် လာမည့်တစ်နှစ်၊ ၂ နှစ်အတွင်း ခိုင်းနွားရှားပါးလွန်းပြီး လယ်ယာလုပ်ငန်းခွင် အခက်တွေ့မည်ဖြစ်သလို အမဲသားဈေး ခေါင်ခိုက်မည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု နွားပွဲဈေးများတွင် လုပ်ကိုင်နေသော နွားပွဲစားများက တညီတညွတ်တည်းပြောသည်။
ယခုအတိုင်း ဆက်လက်တင်ပို့နေမည်ဆိုပါက နောက် ၂ နှစ်အကြာတွင် နွားများမှာ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သယံဇာတကဲ့သို့ ရှားပါးနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မြင့်ဦးကသုံးသပ်သည်။
နွားဈေးကောင်းရရှိနေသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း အချို့ဒေသများတွင် မရောင်းချဘဲ ငယ်မွေးခြံပေါက်နွားများကိုသာ အားကိုးအားထားပြု၍ လုပ်ကိုင်နေကြသူများလည်း ရှိနေဆဲပါ။
“နွားရောင်းမယ်လို့ပြောရင် နှစ်ရက်မကြာဘူး။ ဘယ်တွေကမှန်းမသိဘူး။ လာဝယ်ကြတယ်။ ဒီဘက်မှာတော့ သိပ်မရောင်းဘူး”ဟု မကွေးတိုင်း၊ နတ်မောက်ဒေသခံ တောင်သူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်းမှ နွားများမှာ မွေးမြူရေးနွားမဟုတ်ဘဲ သဘာဝအစားအစာများဖြစ်သည့် မြက်၊ နွားစာများကိုစားသုံးပြီး အရသာအလွန်ကောင်းမွန်သောကြောင့် တရုတ်လူမျိုးများက အထူးကြိုက်နှစ်သက်ကြောင်း နွားတင်ပို့နေသူများကဆိုသည်။
မြန်မာနွားများသည် လျှာနာ၊ ခွာနာရောဂါဖြစ်တတ်သောကြောင့် တရုတ်အစိုးရက မြန်မာပြည်မှနွားများကို တရုတ်နိုင်ငံသို့ နွားအကောင်လိုက်တင်ပို့ခွင့် လုံးဝပိတ်ပင်ထားသည်။ ထို့ကြောင့်
မြန်မာနိုင်ငံမှ ခိုးသွင်းလာသောနွားများကို မူဆယ်မြို့အနီးတစ်ဝိုက်တွင် သတ်ဖြတ်ပြီး ကယ်ရီလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကျယ်ခေါင်မြို့တွင် နေထိုင်သော မြန်မာတစ်ဦးကပြောသည်။
“တရုတ်မှာ အမဲသားဈေးကောင်းလို့ ဆက်တိုက်ပို့နေတာ။ သိပ်မကိုက်ရင်လည်း အဆင်ပြေမယ့်မြို့တွေကို ပို့နေတာလို့ကြားတယ်”ဟု ၎င်းကဆိုသည်။
တရုတ်သို့ တရားမ၀င် ကောင်ရေများစွာတင်ပို့သော နွားစီးကြောင်းကြောင့် သက်ရောက်မှုကတော့ ဈေးတိုင်း၊ အိမ်တိုင်းလိုလိုသို့ ရောက်နေသည်။ ယခင်ကာလ ပြည်တွင်းဈေးကွက်တွင် အမဲသားတစ်ပိဿာလျှင် လေးထောင်ကျပ်ဈေးသာရှိသော်လည်း ယခုအချိန်တွင် အမဲသားတစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဈေးထိ ပေးဝယ်ယူနေရသည်။ ယခင်က အောက်ခြေလူတန်းစားများမှာ အသားဟင်းစားလျှင် ဈေးချိုသောအမဲသားကို စားကြသော်လည်း ယခုအချိန်တွင် တစ်ပိဿာလျှင် ကျပ်လေးငါးထောင်သာပေးရသော ကြက်သားနှင့်ဝက်သားကို ပြောင်းလဲစားသုံးနေကြပြီဖြစ်သည်။
“အမဲသားပေါတဲ့ဒီနေရာမှာတောင် အမဲသားကိုမစားနိုင်ကြတော့ဘူး”ဟု ပုဂံညောင်ဦးမြို့နယ် မိုးနတ်ကုန်းကျေးရွာမှ အိမ်ရှင်မတစ်ဦးဖြစ်သူ မကြည်ကြည်ဝင်းကပြောသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ခိုင်းနွားများမပြုန်းတီးရေးအတွက် သားသတ်လိုင်စင်(စီ)စနစ်ကို ဖျက်သိမ်း၍ သင့်လျော်သည့်စနစ်တစ်ခုဖြင့် အစားထိုးရန် ဆောင်ရွက်နေသည်ဟုဆိုပါသည်။
၂၀၁၀ မေလ ၁၂ ရက်တွင် ကုမ္ပဏီနှစ်ခုကို မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် နွားနှင့်ဆိတ်များ တရားဝင်တင်ပို့ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် သက်ဆိုင်ရာက ပြန်လည်တားမြစ်ခဲ့သည်။
နယ်ကျော်နွားများဖြစ်လျှင် သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည်ဆိုသော်လည်း ဒေသလိုအပ်ချက်ကြောင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ပါမစ်ဖြင့် နယ်ကျော်နွားတင်ပို့လျှင် ရနိုင်သည်။ ဥပမာအားဖြင့် မကွေးတိုင်း နတ်မောက်မြို့ လေးအိမ်နွားပွဲဈေးမှ နွားများကို လိုအပ်ချက်ကြောင့် မန္တလေးတိုင်း၊ မိတ္ထီလာနွားပွဲဈေးသို့ တင်ပို့ခွင့်ပြုရသည်ဟု လေးအိမ်နွားပွဲဈေးမှ ဦးမန်းကပြောပြသည်။
“အဓိကပို့တာက နွားပွဲဈေးတစ်ခုကနေတစ်ခု ကြားခံပြီး ပို့နေကြတာ။ အချို့ကလည်း ခွင့်ပြုမိန့်ပါမစ်နဲ့၊ တချို့ကလည်း လမ်းကြောင်းရှင်းပြီး တရုတ်ကိုပို့ကြတာ။ ကျွန်တော့်ကို ပါမစ်တစ်ခုပဲ ထုတ်ပေး၊ တစ်ခေါက်သယ်လို့ရတာကို သုံးလေးခေါက်ရအောင်သယ်ပေးမယ်”ဟု မိတ္ထီလာမြို့ ဒေသခံဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်တာ သားသတ်လိုင်စင်(စီ) လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကပြောသည်။
ယခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလလယ်ထိ တရားမ၀င်နွားတင်ပို့မှု ၃၀၀ ကျော်တွင် နွားအကောင် ၄၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။
“ခိုင်းနွားရှားလို့ လုံးဝခွင့်မပြုထားပါဘူး။ ပြည်နယ်အစိုးရကလည်း ဖွင့်ပေးပိုင်ခွင့်မရှိပါဘူး။ အခုလောလောဆယ် တိရစ္ဆာန်အကောင်ကို ဘယ်နိုင်ငံမှ တင်ပို့ခွင့်လုပ်တာမရှိသေးပါဘူး”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးဦးလှထွန်းကဆိုပါသည်။
မှောင်ခိုတင်ပို့မှုများကြောင့် ဒေသတွင်း ခိုင်းနွားရှားပါးမှုကြုံတွေ့လာရပြီး သက်ဆိုင်ရာအနေဖြင့် အထိုင်အဖွဲ့၊ ရွေ့လျားအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးဖမ်းဆီးနေသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နွားတင်ပို့မှုစုရပ်ဖြစ်သော နောင်ချိုမြို့သို့ အလယ်ပိုင်းဒေသမှ ကျောက်မြောင်း-လက်ပံလှ-နောင်ချို၊ မြင်းမူ-မြောင်-နွားထိုးကြီး-မြင်းခြံ-နောင်ချို၊ မန္တလေး-မေမြို့-နောင်ချို စသည့်လမ်းကြောင်းများရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့သို့ သာစည်၊ ရမည်းသင်း၊ ဘုရားငါးဆူ၊ အောင်ပန်းစသော နွားတင်ပို့သည့်လမ်းကြောင်းရှိသည်ဟု နွားပွဲစားအများစုကဆိုသည်။
ထို့အပြင် တရုတ်နှင့်ထိစပ်လျက်ရှိသော ကချင်နယ်တွင်လည်း မြစ်ကြီးနား-ဗန်းမော်-လိုင်ဇာလမ်းကြောင်းမှတစ်ဆင့် တစ်ရက်လျှင် နွားအကောင်ရေ ၇၀ ခန့် တရားမ၀င်တင်ပို့နေသည်။
“နွားတွေမြင်တွေ့နေရတာ စိတ်မကောင်းဘူး။ ဖမ်းလည်းခဏပဲ ။နောက်နေ့ပြန်ပြီးတင်ပို့နေတာပဲ။ ဖမ်းတုန်းတော့ ခဏရှောင်နေကြတာ။ နောင်ချိုက အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် မတားဆီးကြဘူး”ဟု ဦးညွန့်ဝေကပြောသည်။
ခိုင်းနွားပေါများရာဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင် အသင့်အတင့်ရှိသော ခိုင်းနွားတစ်ကောင်လျှင် အများဆုံးကျပ်ဆယ်သိန်းထိရှိသော်လည်း တရုတ်သို့တင်ပို့လျှင် ကျပ်ဆယ့်ငါးသိန်းခန့်ထိ ရရှိနေကြောင်း နွားပွဲစားများကပြောသည်။ တရားမ၀င်နွားတင်ပို့ရာတွင် စတင်ဝယ်ရသောနေရာမှ တရုတ်နယ်စပ်အရောက် နွားတစ်ကောင်လျှင် လမ်းတစ်လျှောက် ဖြတ်သန်းခလိုင်းကြေး တစ်သိန်းနီးပါးပေးရသည်ဟု နွားကုန်သည်များကဆိုသည်။
တရားမ၀င်နွားသယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ်မှ အာဏာပိုင်များ၊ စည်ပင်၊ ထောက်လှမ်းရေး၊ အကောက်ခွန်နှင့် ဖြတ်သန်းရာဒေသများတွင် နွားများထားရှိရန်အတွက် ဒေသခံများအား အခကြေးငွေပေးရသည်ဟု နွားကုန်သည်အချို့ကပြောသည်။
“ဒီနေရာမှာ ဈေးချိုရင် ဒီနေရာကိုလာဝယ်တယ်။ နွားပွဲဈေးတစ်ခုမှာ တောင်သူအစစ်အမှန် လာဝယ်တယ်ဆိုတာ လေးငါးဦးထက်မပိုဘူး။ တောင်သူက ဒီဈေးနှုန်းကိုလည်း မတတ်နိုင်ဘူး”ဟု နှစ်နှစ်ဆယ်ကြာ နွားပွဲစားပြုလုပ်လာသူတစ်ဦးဖြစ်သူ မိတ္ထီလာမြို့မှ ဦးမြင့်အောင်ကပြောသည်။
တောင်သူများမှာ ခိုင်းနွားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးလာပြီး ယခင်က နွားထွန်ရှဉ်းနှစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် တစ်ရှဉ်းသာရှိတော့သလို ယခင်က နွားထွန်ရှဉ်းတစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် နွားမများဖြင့် ထွန်ယက်စိုက်ပျိုးနေသူများလည်းရှိသည်။ လယ်ထွန်စက်တစ်စီးလျှင် ၁၆ သိန်းနီးပါးရှိနေသောကြောင့် တောင်ယာလုပ်ငန်းလုပ်ရန် ခိုင်းနွားရှားပါးလာသော ဒေသများရှိ တောင်သူများသည် ခိုင်းနွားထွန်ရှဉ်းရှိသောအိမ်၏ အငှားနွားထွန်ရှဉ်းများကိုသာ အသုံးပြုကြသည်။
“ကိုယ့်နိုင်ငံကနေ သူများနိုင်ငံကို ထွက်တာသာလွယ်တာ။ ကုန်သွားလို့ သူများနိုင်ငံကပြန်သွင်းရင် မလွယ်တော့ဘူး”ဟု မိတ္ထီလာမြို့မှ နွားပွဲစားလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်သိန်းကပြောသည်။
နွားတစ်ရှဉ်းထောင်ဖို့စိတ်ကူးက ဒေါ်စန်းဌေးတွင်ရှိနေဆဲ။ ထို့ကြောင့် နွားဈေးပြန်ကျလာမည့် မရေရာသောအချိန်ကာလတစ်ခုကို ဒေါ်စန်းဌေးတစ်ယောက် မျှော်လင့်နေသည်။
ရေးသားသူ- ငြိမ်းချမ်း၊ ရဲနောင်၊ မောင်တာ
7Day News Journal